ဗိုင်းရပ်ကူးစက်မှုမဖြစ်အောင် ဆေးတစ်လုံးတည်းနဲ့ တိုက်ထုတ်မယ်

 

ဗိုင်းရပ်ကူးစက်မှုမဖြစ်အောင် ဆေးတစ်လုံးတည်းနဲ့ တိုက်ထုတ်မယ်

 

    ကမ္ဘာပေါ်မှာ ကိုဗစ် -၁၉ ရောဂါဖြစ်ပွားမှုက လူသားတွေကိုသာမက သိပ္ပံပညာရှင်တွေကိုပါ တော်တော်လေး ထိတ်လန့်သွားစေပါတယ်။

အထူးသဖြင့် ဒီအခြေအနေကို သူတို့မမျှော်မှန်းထားတာရယ်၊ ကာကွယ်ဆေးကလည်း အဆင်သင့် ရှိမနေတာရယ်တို့ကြောင့် ကမ္ဘာပေါ်မှာ လူတော်တော်များများ သေဆုံးခဲ့ရပါတယ်။

ကိုဗစ် -၁၉ ရောဂါဖြစ်တုန်းက ကာကွယ်ဆေးက နောက်ကျမှ ထွက်လာနိုင်ပါတယ်။ ကာကွယ်ဆေး ထွက်လာပြီးနောက်ပိုင်းမှာလည်း ဆေးတစ်လုံးတည်းထိုးရုံနဲ့ မလုံလောက်ပြန်ပါဘူး။ ခြောက်လလောက်ကြာတဲ့အခါမှာ နောက်ထပ် ထပ်ဆောင်းကာကွယ်ဆေးတွေကို ထိုးရပြန်ပါတယ်။

တချို့ကာကွယ်ဆေးတွေဆိုရင် ကလေးတွေနဲ့မသင့်လျော်ဘူး။ တချို့ဆိုရင် ကိုယ်ခံအားစနစ်နဲ့  ကိုက်ညီမှုမရှိတာကြောင့် ကာကွယ်ဆေးထိုးပြီးမှ အသက်ဆုံးရှုံးရမှုတွေအထိ ဖြစ်ပွားခဲ့တာတွေ့ရပါတယ်။

ဒါ့အပြင် နှစ်တိုင်းလိုလို တုပ်ကွေးရောဂါဖြစ်ပွားလေ့ရှိပါတယ်။  ဒီလိုဖြစ်ပွားတိုင်းလည်း လူတွေဟာ တုပ်ကွေးရောဂါ ကာကွယ်ဆေးကို နှစ်စဉ်နှစ်တိုင်း ထိုးနေကြရပြန်ပါတယ်။ အဓိကကတော့ ရောဂါပိုးတွေက ဗီဇပြောင်းလာတဲ့အတွက်ပါ။

ကိုဗစ်-၁၉   ရောဂါဖြစ်တုန်းကဆိုရင်လည်း  ထွက်ပေါ်လာတဲ့ ဗီဇပြောင်း မျိုးကွဲတွေဆိုတာ မနည်းပါဘူး။ ဒီအခါမှာ သိပ္ပံပညာရှင်များက အဲဒီဗီဇပြောင်း ရောဂါပိုးတွေကိုပါတိုက်ထုတ်နိုင်စေမယ့် ကာကွယ်ဆေးတွေကို ထုတ်လုပ်ကြရပြန်ပါတယ်။

လူတွေကလည်း ထပ်ဆောင်းကာကွယ်ဆေးဆိုပြီး ထိုးကြရပြန်ပါတယ်။

ဒီအခြေအနေတွေကနေ ကျော်လွှားနိုင်ဖို့အတွက် သိပ္ပံပညာရှင်တွေက ကြိုးစားလာကြတာကို တွေ့ရပါတယ်။ အခုတော့ အဲဒီကြိုးစားမှုတွေက အကောင်အထည် ပေါ်လာပြီလို့ပြောရမှာပါ။

အခုလိုမျိုးကြိုးစားမှုနဲ့ ရလဒ်ပေါ်ထွက်လာခြင်းက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုရဲ့ ကောင်းကျိုးတစ်ခုလို့ပြောရင်လည်း မှားမယ်မထင်ပါဘူး။

RC Riverside  မှသုတေသနပညာရှင်များက RNAကို အသုံးပြုတဲ့ ကာကွယ်ဆေးတစ်မျိုးကို တီထွင်လိုက်ပါတယ်။ အဲဒီ ကာကွယ်ဆေးက ဘယ်လိုဗိုင်းရပ် ကူးစက်မှုကိုမဆို တိုက်ထုတ်နိုင်ပြီး ကလေးငယ်များသာမက ကိုယ်ခံအားစနစ်နဲ့ ကိုက်ညီမှုမရှိသူတွေတောင်မှ ထိုးနှံနိုင်တယ်လို့ ဆိုထားပါတယ်။

ဒီနည်းပညာအသစ်ကြောင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနေရတဲ့ဒုက္ခကနေလည်း လွတ်သွားစေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဒီနည်းလမ်းက ဗိုင်းရပ်တွေအားလုံးရဲ့တူညီတဲ့  ပင်မမျိုးရိုးဗီဇကိုသာ အဓိက ပစ်မှတ်ထားလို့ပါ။

လက်ရှိအချိန်မှာ အဲဒီကာကွယ်ဆေးရဲ့ အလုပ်လုပ်ပုံနဲ့ သက်ရောက်မှုကို ပညာရှင်တွေက  ကြွက်တွေနဲ့စမ်းသပ်ပြီးပါပြီ။ မကြာခင်အချိန်မှာ လူသားတွေနဲ့လက်တွေ့စမ်းသပ်မှုတွေ လုပ်ဆောင်လာပါလိမ့်မယ်။

သမားရိုးကျအားဖြင့်ဆိုရင် ကာကွယ်ဆေးတွေထဲမှာ ဗိုင်းရပ်အသေ၊ ဒါမှမဟုတ်အန္တရာယ်မပြုနိုင်အောင် ပြုပြင်ထားတဲ့ ဗိုင်းရပ်၊ ဒါမှမဟုတ်   တကယ့်ဗိုင်းရပ်အစစ်ကို ထည့်သွင်းလေ့ရှိပါတယ်။

အဲဒီကာကွယ်ဆေးကို ထိုးသွင်းလိုက်တဲ့အခါ  ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ဗိုင်းရပ်ထဲမှာပါတဲ့ ပရိုတိန်းကိုသိရှိသွားပြီး ကိုယ်ခံအားလှုံ့ဆော်မှုနဲ့   တိုက်ထုတ်ဖို့လုပ်ဆောင်တာပါ။

ကိုယ်ခံအားက T- cell  များကို ထုတ်ပေးပါတယ်။ အဲဒါက ဗိုင်းရပ်ကို တိုက်ခိုက်ပြီး နောက်ထပ် မပြန့်ပွားတော့အောင်  လုပ်ဆောင်ပေးပါတယ်။

ဒါ့အပြင်    ကိုယ်ခံအားက  B-cell  ကိုလည်း ထုတ်ပေးပါတယ်။ သူကတော့ ကိုယ်ခံအားအတွက် မှတ်ဉာဏ်ကိုဖြစ်ပေါ်စေပါတယ်။ နောက်တစ်ကြိမ် ဒီလိုပရိုတိန်းနဲ့ဗိုင်းရပ်ဝင်လာရင် အလိုအလျောက် ကိုယ်ခံအားစနစ် အလုပ်လုပ်စေဖို့ပါ။

အခုသိပ္ပံပညာရှင်တွေ စမ်းသပ်နေတဲ့ နည်းလမ်းက သမားရိုးကျ ကာကွယ်ဆေးတွေလိုမျိုးပဲ ပြုပြင်ထားတဲ့ ဗိုင်းရပ်အရှင်ကို    ထည့်သွင်းအသုံးပြုထားပါတယ်။ ဒါပေမဲ့ သမားရိုးကျ နည်းလမ်းနဲ့မတူတဲ့ အချက်က RNA  မော်လီကျူးများအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း    ကိုယ်ခံအားစနစ် ဖွံ့ဖြိုးဆဲကလေးငယ်များသာမက ရောဂါတစ်ခုခုကြောင့်  ကိုယ်ခံအားထုတ်လုပ် ဖြစ်ပေါ်နေသူများနဲ့လည်း လိုက်လျောညီထွေမှုရှိစေတာပါ။

လူတစ်ယောက်ကိုဗိုင်းရပ်က ကူးစက်ပြီဆိုရင် အဲဒီဗိုင်းရပ်က ပရိုတိန်းများကို ထုတ်လုပ်လိုက်ပါတယ်။ အဲဒီပရိုတိန်းက လက်ခံကလာပ်စည်းရဲ့ RNAi  တုံ့ပြန်မှုကို ဟန့်တားလိုက်ပါတယ်။  ဒီလိုနည်းနဲ့ လူတွေမှာ ရောဂါဖြစ်စေတာပါ။

အခုနည်းလမ်းက ဗိုင်းရပ်ကူးစက်မှုကို တုံ့ပြန်မယ့် ကိုယ်ခံအားရဲ့ တုံ့ပြန်မှုတစ်ခုအဖြစ် ကြားဖြတ် RNA များကို ဖြစ်ပေါ်စေခြင်းဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေဟာ  ဒီနည်းလမ်းအသုံးပြုထားတဲ့ ကာကွယ်ဆေးကို ကြွက်တွေမှာ စမ်းသပ်ကြည့်ပါတယ်။ နိုဒါမူရာ ဆိုတဲ့ ဗိုင်းရပ်ကို အသုံးပြုပြီးတော့ပါ။

ပညာရှင်တွေက သူတို့ဖန်တီးထားတဲ့ ကာကွယ်ဆေးကို ကြွက်တွေကိုထိုးနှံ ပေးလိုက်ပါတယ်။ ပြီးတဲ့အခါ ဗိုင်းရပ်ပါဝင်တဲ့ ဆေးကို  ထပ်ပြီးထိုးပေးပါတယ်။

အဲဒီအခါ ကြွက်တွေမှာ ရက်ပေါင်း ၉၀ ကြာတဲ့အထိ ရောဂါဖြစ်ပွားခြင်းနဲ့ ရောဂါပိုးပျံ့နှံ့ခြင်း လုံးဝမရှိတာကိုတွေ့ရပါတယ်။ ဒီနေရာမှာ မှတ်သားစရာတစ်ခုရတာက ကြွက်တွေရဲ့ကိုးရက်တာကြာမြင့်ချိန်ဟာ လူသားတွေရဲ့ တစ်နှစ်တာကြာမြင့်ချိန်နဲ့ ညီမျှတယ်ဆိုတဲ့   သိပ္ပံပညာရှင်များရဲ့ တွေ့ရှိချက်ပါ။

သိပ္ပံပညာရှင်များဟာ သူတို့ရဲ့ကာကွယ်ဆေးကို ကြွက်ပေါက်လေးတွေနဲ့လည်း စမ်းသပ်ကြည့်ပါသေးတယ်။ ဒီလိုစမ်းသပ်တဲ့အခါမှာလည်း   ကာကွယ်ဆေးက ကောင်းစွာအလုပ်လုပ်တာကိုတွေ့ရပါတယ်။

ဒီနေရာမှာ ဗိုင်းရပ်တွေက မျိုးရိုးဗီဇ ပြောင်းလဲတာမျိုးဖြစ်မှာလည်း လုံးဝစိုးရိမ်စရာ မလိုပါဘူး။ ဗိုင်းရပ်တွေမှာ  မျိုးရိုး ဗီဇပြောင်းလဲတယ်ဆိုတာ သမားရိုးကျ ကာကွယ်ဆေးတွေရဲ့ ပစ်မှတ်ထားခြင်း မခံရတဲ့အပိုင်းကနေ ဖြစ်ပေါ်တာပါ။

ဒါပေမဲ့ အခုနည်းလမ်းမှာကျတော့ ဗိုင်းရပ်ရဲ့မျိုးရိုးဗီဇကြီး တစ်ခုလုံးကို ထောင်ပေါင်းများစွာသော RNAi  များနဲ့ ပစ်မှတ်ထားတာဖြစ်တဲ့အတွက် ဒီကနေကျော်လွန်ပြီး မျိုးရိုးဗီဇပြောင်းလဲဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

နောက်ဆုံးမှာတော့ သိပ္ပံပညာရှင်တွေဟာ သူတို့ရဲ့ နည်းလမ်းကို တခြားရောဂါ ကာကွယ်ဆေးတွေမှာလည်း အသုံးပြု သွားမှာဖြစ်ပါတယ်။

ဒါဆိုရင် သိပ်မဝေးတော့တဲ့ကာလမှာ ကျွန်တော်တို့ လူသားတွေဟာ ရောဂါပိုးတစ်ခု ကူးစက်မှုကနေ ကာကွယ်နိုင်စေဖို့ အတွက် ကာကွယ်ဆေးတွေကို အကြိမ်ကြိမ် ထိုးနေစရာမလိုတော့ဘဲ တစ်ကြိမ်တည်းသာထိုးရုံနဲ့ တစ်သက်လုံး ကာကွယ်မှု ရရှိနိုင်စေတော့မှာဖြစ်ပါတယ်။

Ref: SciTech