စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဝန်ထမ်းများနှင့် တွေ့ဆုံ

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဝန်ထမ်းများနှင့် တွေ့ဆုံ

 

နေပြည်တော်  ဧပြီ   ၂၃

    စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ် (၃) အစည်းအဝေးခန်းမ (၂) ၌   ဝန်ကြီးဌာန၏ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ်   ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် နှစ်သစ်တွင် ရုံးလုပ်ငန်း တာဝန်များကို အားသစ်၊ မာန်သစ်၊ ခွန်အားအပြည့်ဖြင့် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခင်နှစ်ကကြုံတွေ့ခဲ့ရသည့် အားနည်းချက်၊ အားသာချက်များအပေါ် ပြန်လည်သုံးသပ်စိစစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ပို့ကုန်လျာထားချက် ပြည့်မီကျော်လွန်အောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက်   အစိုးရနှင့်ပုဂ္ဂလိက     ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊   ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ကြရန် လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ကျင့်ဝတ်သိက္ခာနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်နှင့် အခြားဝန်ကြီးဌာနများမှ ဖွင့်လှစ်သည့် သင်တန်းများသို့ တက်ရောက်ရာတွင် စံပြဆု သုံးဦး၊ ပထမဆု သုံးဦး၊ ဒုတိယဆု ငါးဦးနှင့် တတိယဆု တစ်ဦးရရှိသကဲ့သို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း   အရည်အသွေးပြည့်ဝစွာ ထူးချွန်အောင်   ကြိုးစားဆောင်ရွက်သွားစေလိုပါကြောင်းနှင့် သင်တန်းများတွင် ထူးချွန်ပြီး စံပြဖြစ်ရုံသာမက လုပ်ငန်းခွင်တွင်လည်း စံပြဖြစ်အောင် ကြိုးစားသွားကြရန် ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးမင်းမင်းက ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် လုပ်ငန်းစဉ်များကို ချမှတ်ရေးဆွဲသွားရန် လိုအပ်ပါကြောင်း၊    ပို့ကုန်/သွင်းကုန် မူဝါဒတစ်ခုတည်းကိုသာ မဟုတ်ဘဲ အခြားဆက်စပ်သည့် မူဝါဒများကိုပါ နားလည်သဘောပေါက်စေရန် လေ့လာသွားကြရမည် ဖြစ်ကြောင်းနှင့် ဦးစီးဌာနများအနေဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ   လုပ်ငန်းများအောင်မြင်စွာ ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားပြီး ဦးစီးဌာနအလိုက်  ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြကြသည်။

တွေ့ဆုံပွဲသို့   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန်၊   ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ   တက်ရောက်ခဲ့ကြကြောင်း သိရသည်။