ဥပ္ပါတသန္တိသုတ် ပရိတ်တော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနား ကျင်းပ

 

ဥပ္ပါတသန္တိသုတ် ပရိတ်တော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနား ကျင်းပ

 

နေပြည်တော်  ဧပြီ  ၂၃

    နေပြည်တော်  ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ဥပ္ပါတသန္တိသုတ် ပရိတ်တော် ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို    ဧပြီလ ၁၉ ရက်မှ ၂၃ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပပူဇော်ခဲ့သည်။

ဥပ္ပါတသန္တိ   ပရိတ်တော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ   အောင်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင်   ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး   ရင်ပြင်တော် ဓမ္မာရုံအတွင်း၌ ကျင်းပရာ  ပျဉ်းမနားမြို့ အုန်းတောပရိယတ္တိ စာသင်တိုက် တိုက်အုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအာသဘနှင့် သံဃာတော်ခြောက်ပါး၊ နံတော်စဉ်ပရိယတ္တိစာသင်တိုက်မှ  သံဃာတော်ခြောက်ပါး စုစုပေါင်း ၁၃ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော်သာသနာရေးမှူး၊ စေတီတော်ဂေါပက အဖွဲ့ဝင်များ၊ တပ်နယ်ဝတ်အသင်းသူများ၊    ဂေါပကအဖွဲ့ရုံး ဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ အုန်းတောပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော်ထံမှ ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်၍ ဆရာတော၊် သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ရတနသုတ်၊ မေတ္တသုတ်ပရိတ်တရားတော်ကို နာယူကြပြီး တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဗိုလ်လောင်းအမှတ်စဉ် (၁၁၁) ကျောင်းဆင်းအရာရှိများက (၁၆) နှစ်မြောက်နှစ်ပတ်လည်နေ့အတွက် စေတီတော်မြတ်ကြီးသို့ ရေငွေ့သုံး ပန်ကာကြီး  ငါးလုံးလှူဒါန်းကာ   ဆရာတော်၊ သံဃာတော်များအား ဆွမ်း၊ အအေးငါးရက်စာ၊ နဝကမ္မအလှူတော်ငွေများအပါအဝင်  စုစုပေါင်း အလှူတော်ငွေကျပ် ၅၃ သိန်းကို လှူဒါန်းကြသည်။

ယင်းနောက်  အုန်းတောပရိယတ္တိ စာသင်တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တအာသဘထံမှ   အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး   အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။