ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ တိုးတက်ထုတ်လုပ်ရေး၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ချည်မျှင်နှင့်အထည်အလိပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ တိုးတက်ထုတ်လုပ်ရေး၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ချည်မျှင်နှင့်အထည်အလိပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော်   ဧပြီ   ၂၃

    ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ  တိုးတက်ထုတ်လုပ်ရေး၊ ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှု၊  ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးများ၊ စက်ရုံမှူးများက Virtual စနစ်ဖြင့် သတ်မှတ်နေရာအသီးသီးမှ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ တိုင်းဒေသကြီး/ပြည်နယ်များသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များနှင့် အစိုးရအဖွဲ့ အစည်းအဝေးများတွင် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ တိုးတက်ထုတ်လုပ်ရေး၊ ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို အပြည့်အဝကြိတ်ခွဲနိုင်ရေး၊  ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ပတ်သက်သည့် လမ်းညွှန် မှာကြားချက်များကို ထပ်ဆင့်ပြန်လည် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့်  ဆီထွက်သီးနှံများကို ဇုန်များသတ်မှတ်ပြီး စိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်းအတိုင်း ထွက်ရှိရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊   ပြည်ပသို့ တင်ပို့ပြီး  ကျန်ရှိသည့်ဆီထွက်သီးနှံများကို    သက်ဆိုင်ရာ လုပ်ငန်းရှင်များက အပြည့်အဝ ကြိတ်ခွဲ၍ စားသုံးဆီများ ထုတ်လုပ်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန အနေဖြင့်  လိုအပ်သည်များကို  ကူညီဖြည့်ဆည်း စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆီထွက်သီးနှံနှင့် ပတ်သက်၍ စိုက်ဧက၊  ထွက်ရှိမည့်ပမာဏ၊  မြို့နယ်အသီးသီးတွင် တည်ရှိသည့် ဆီစက်အရေအတွက်၊ ကြိတ်ခွဲနိုင်သည့် စက်စွမ်းအား၊ လက်ရှိကြိတ်ခွဲထုတ်လုပ်နေမှု စသည်တို့ကို ကြိုတင်စာရင်းပြုစုတွက်ချက်ထားရမည်ဖြစ်ကြောင်း၊  စားသုံးဆီထုတ်လုပ်မှု လုပ်ငန်းများကို ကောင်းမွန်သည့် ထုတ်လုပ်မှုကျင့်စဉ်များနှင့်အညီ  ထုတ်လုပ်မှသာ   ဘေးအန္တရာယ် ကင်းရှင်းပြီး အရည်အသွေး ကောင်းမွန်သော စားသုံးဆီများ ရရှိမည်ဖြစ်၍    စစ်ဆေး ကြပ်မတ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။ 

ပြည်တွင်းဝါစိုက်ပျိုး ထုတ်လုပ်မှုသည် ပြည်သူများ၏  ဝတ်ဆင်ရေးကဏ္ဍအတွက်  လုံလောက်မှုရှိကြောင်းကို တွက်ချက်မှုများအရ သိရှိရကြောင်း၊ ဝန်ကြီးဌာနရှိ ဝါကြိတ်စက်များ၊ ချည်ထုတ်လုပ်သည့်စက်များ၊ အထည်ရက်လုပ်ခြင်း၊ ဆေးဆိုးပန်းရိုက်ခြင်းစသည့် လုပ်ငန်းများကို စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စက်ရုံများအနေဖြင့် ယခုနှစ်တွင် ထုတ်လုပ်ရန် လျာထားသည့် ပမာဏများအတိုင်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်နှင့်  လိုအပ်ချက်များရှိပါက ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ထွက်ရှိလာသည့် ဝါများကို ပြည်ပသို့    တိုက်ရိုက်တင်ပို့ခြင်းအတွက် ဝါကြိတ်စက်များဖြင့် ကြိတ်ခွဲပြီး ဝါဂွမ်းမှ ချည်ထုတ်လုပ်တင်ပို့လျှင် ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထွက်ရှိလာသည့် ဝါများကို အပြည့်အဝ ကြိတ်ခွဲနိုင်ရေးအတွက် ဝါကြိတ်စက်များ အဆင်သင့် လည်ပတ်နိုင်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် ဆီထွက်သီးနှံများနှင့် ဝါများကို အပြည့်အဝကြိတ်ခွဲ၍ ပြည်တွင်းစားသုံးမှုနှင့် ဝတ်ဆင်ရေးကဏ္ဍဖူလုံအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြည်တွင်းစားသုံးမှု ဖူလုံရေးအတွက် Action Plan များ ရေးဆွဲဆောင်ရွက်သွားမည့် အခြေအနေ၊   ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်ပေးမည့် အခြေအနေများကို လည်းကောင်း၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက    ဝတ်ဆင်ရေးကဏ္ဍ အတွက်  နိုင်ငံပိုင်စက်ရုံများမှ ထုတ်လုပ်ဖြည့်ဆည်းပေးမည့် အခြေအနေ၊ အထည်အလိပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အခြေအနေတို့ကို လည်းကောင်း၊ တက်ရောက်လာသူများက ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက်    ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အထည်အလိပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းတာဝန်များကို စနစ်တကျဖြင့် အောင်မြင်စေရေးအတွက် လက်တွေ့ကျသည့်      စီမံချက်များ ရေးဆွဲဆောင်ရွက်ရန် မှာကြားပြီး  နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။