တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းများ ဇွန်လတွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်၍ ကြိုတင်ပြင်ထားကြပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူမှု အခွင့်အလမ်း အပြည့်အဝရရှိစေရေး ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ပေးကြရမည်

 

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းများ ဇွန်လတွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်၍ ကြိုတင်ပြင်ထားကြပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူမှု အခွင့်အလမ်း အပြည့်အဝရရှိစေရေး ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ပေးကြရမည်

 

နေပြည်တော်    ဧပြီ    ၂၃

    ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊   ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးများ၊  တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီး ဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ   တက်ရောက်ကြပြီး တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဧပြီလ၂၂ ရက်တွင် ကျင်းပသော ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄) ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည့်  လမ်းညွှန်ချက်များကို  ရှင်းလင်းဆွေးနွေးသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက  ဇွန်လတွင် အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ပရိဘောဂများ ပြည့်စုံကောင်းမွန်စေရေးအတွက် ယခုကတည်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူ များ ပညာသင်ယူမှုအခွင့်အလမ်း အပြည့်အဝရရှိစေရေး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊    မိမိတို့ကျောင်းရှိ စာကြည့်တိုက်များတွင် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများရရှိစေမည့် အကျိုးရှိထိရောက်သော စာအုပ်စာတမ်းများ  ဖြည့်ဆည်း ဆောင်ရွက်ကြစေလိုပါကြောင်း၊

အခြေခံပညာကျောင်းများတွင် စာသင်ကြားရုံသာမက အားကစားချိန်တွင် အမှန်တကယ်အားကစားပြုလုပ်ကြရန်နှင့် ကျောင်းစာကြည့်တိုက်တွင်  စာဖတ်ရန် အချိန်ဇယားတွင်ထည့်သွင်းရေးဆွဲ ကျင့်သုံးကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းများတွင် အားကစားပြိုင်ပွဲများကျင်းပပေးရန်နှင့်   စုပေါင်းလုပ်ဆောင်သည့် အလေ့အကျင့်ကောင်းများ   ရရှိရန်အတွက် အသင်းအဖွဲ့ဖြင့်  ကစားရသည့်  ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ လှေလှော်၊ ပြေးခုန်ပစ်အားကစားနည်းများ ကစားကြစေလိုပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ် ပညာတတ်စေရေး၊ ယဉ်ကျေးလိမ္မာ၍ အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့်    မျိုးချစ်စိတ်ရှိသူများ ဖြစ်စေရေးအတွက် ပြုစုပျိုးထောင်သင်ကြား ပေးကြရမည်ဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် အခြေခံပညာကျောင်းများတွင်သာမက တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင်လည်း လူရည်ချွန်မောင်မယ်များ  ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄)ကို ကျင်းပသွားမည်ဖြစ်ရာ    ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်    အားလုံးက ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အရေအတွက်သာမက သင်ကြား သင်ယူမှုအရည်အသွေး ကောင်းမွန်ရန် ကြီးကြပ် ပေးရေးနှင့် ကုန်ထုတ်လုပ်မှု အထောက်အကူပြု MSME သင်တန်းများ၊ MSMEသုတေသနများ   လုပ်ဆောင်ရေး အတွက် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းက တည်ဆောက်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန်၊ ပူပြင်းသော ရာသီဥတုနှင့် မုန်တိုင်းအန္တရာယ်များကို သတိပြုဆောင်ရွက်ကြရန်၊ ဒီဇင်ဘာလတွင် အမျိုးသားအားကစား ပြိုင်ပွဲကျင်းပမည်ဖြစ်၍ ကျောင်းတွင်း အားကစားပြိုင်ပွဲ များကို စောစောကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင်ထားကြရန် မှာကြားသည်။

ဆက်လက်၍  အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က အခြေခံပညာ၊   အဆင့်မြင့်ပညာ၊   ဆရာ အတတ်ပညာကဏ္ဍရှိ    တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့်   ပညာရေး ဒီဂရီကောလိပ်ကျောင်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း    သိရသည်။