မလေးရှား၌ ရဟတ်ယာဉ်နှစ်စင်း တိုက်မိမှုကြောင့် လူ ၁၀ ဦး သေဆုံး

 

မလေးရှား၌ ရဟတ်ယာဉ်နှစ်စင်း တိုက်မိမှုကြောင့် လူ ၁၀ ဦး သေဆုံး

 

    မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း ပီရက်ပြည်နယ်၌ ဧပြီလ ၂၃  ရက်တွင် စစ်ဘက်ရဟတ်ယာဉ်နှစ်စင်း တိုက်မိမှုကြောင့် လူ ၁၀ ဦး သေဆုံးကြောင်း သိရသည်။

အဆိုပါရဟတ်ယာဉ်နှစ်စင်းသည် အလေး ပြုပျံသန်းမှု ဇာတ်တိုက်ခြင်း လုပ်ဆောင်စဉ် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၂ မိနစ်တွင် လူမွတ်ရေတပ်စခန်း အပေါ်၌ တိုက်မိ ခြင်းဖြစ်ကြောင်း တော်ဝင်မလေးရှားရေတပ် က ထုတ်ပြန်ထားသည်။

ရဟတ်ယာဉ်တစ်စင်းတွင် လူခုနစ်ဦး လိုက်ပါပြီး ကျန်ရဟတ်ယာဉ်တွင် လူသုံးဦး လိုက်ပါခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထိုဖြစ်စဉ်ကြောင့်   ရဟတ်ယာဉ်များ ပေါ်ပါသူများအားလုံးသည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်းနှင့် ပြည်သူများအနေဖြင့် သေဆုံးသူများ၏ ဗီဒီယိုများ၊ ဓာတ်ပုံများကိုဖြန့်ချိခြင်း မပြုရန် ရေတပ်က တောင်းဆိုထားသည်။

ယခုကဲ့သို့ဖြစ်စဉ်သည်  မလေးရှား တပ်မတော်နှင့် မလေးရှားနိုင်ငံအတွက် အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က သေဆုံးသူများ၏ မိသားစုဝင်များထံ  ပေးပို့သောစာတွင် ဖော်ပြထားသည်။

အလားတူ  ယခုဖြစ်စဉ် ဖြစ်ပွားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ဘုတ်အဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောထားသည်ဟု   သိရသည်။