ဆင်ဖြူတော်ကလေး “ရဋ္ဌနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

ဆင်ဖြူတော်ကလေး  “ရဋ္ဌနန္ဒက”  မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

နေပြည်တော်  ဧပြီ  ၂၃

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှက ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက် နံနက် ၆ နာရီခွဲတွင် မွေးဖွားခဲ့သည့် ဆင်ဖြူတော်(အထီး)ကလေး “ရဋ္ဌနန္ဒက” သည်  နေပြည်တော်ရှိ   ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်  ရတနာဆင်ဖြူတော်ဆောင် တွင်  မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆင်ဖြူတော်လေးသည် မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိပြီး  ရတနာဆင်ဖြူတော်များ၏ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်း သဏ္ဌာန်ဖြစ်ခြင်း၊ အမွှေး အဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာသြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင် ဖြစ်ခြင်း၊ ခြေဖဝါးတွင်ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်ကလေး ဖြစ်သည်။

ယခုအခါ ဆင်ဖြူတော်ကလေးသည် အသက် ၁ နှစ် ၉ လသားအရွယ်တွင် အရပ်အမြင့် ၄ ပေ ၁ လက်မ ကိုယ်လုံး လုံးပတ် ၆ ပေ ၈ လက်မ၊ ကိုယ်အလေးချိန် ၁၂၉၃ ပေါင် ရှိလာကြောင်း၊ ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” မှာ ငယ်စဉ်ကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန်   ဆင်နှင့်လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် "Peace Human and Elephant Interaction Training" ဖြင့် လေ့ကျင့်် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)