ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ကော်ဖီတန်ချိန် ၂၀၀၀ ခန့်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ကော်ဖီတန်ချိန် ၂၀၀၀ ခန့်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ စိုက်ပျိုးစီးပွား

ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ကော်ဖီတန်ချိန် ၂၀၀၀ ခန့်ကို နယ်စပ်ကုန်သွယ်ရေးနှင့် ပုံမှန်ကုန် သွယ်ရေးလမ်းကြောင်းတို့မှ တစ်ဆင့် တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ကော်ဖီ အသင်းမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ် ဧပြီလ၊ မေလနှင့်ဇွန်လတို့တွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ   တစ်ဆင့်တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ ကော်ဖီတန်ချိန် ၁၀၀၀ နှင့် ၁၅၀၀ ကြား တင်ပို့နိုင်ခဲ့သည့်အပြင် ဥရောပနိုင်ငံများ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် တခြားအာရှနိုင်ငံများသို့ ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်း မှ တစ်ဆင့် ကော်ဖီတန်ချိန် ၅၀၀ နှင့် ၈၀၀ ကြား တင်ပို့နိုင်ခဲ့ရာ ယခုနှစ်တွင်လည်း အလားတူ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

“ပြည်တွင်းမှာ အခုက ကော်ဖီဆွတ်ခူးတဲ့ရာသီပါ။ ဒေသအများစုမှာတော့ ဆွတ်ခူးပြီးပါပြီ။ ပြည်ပကို ကော်ဖီတင်ပို့တာက  ဧပြီလ၊ မေလနဲ့ ဇွန်လတွေမှာ အများဆုံးတင်ပို့ကြတယ်။ အဲဒီနောက်ပိုင်းမှာလည်း တင်ပို့ကြပါတယ်။ ပြည်တွင်းကထွက်ရှိတဲ့ ကော်ဖီတွေကို နယ်စပ်ကုန်သွယ်ရေးကနေ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကို အများဆုံးတင်ပို့ကြတယ်။ ပုံမှန်ကုန်သွယ်ရေးကနေလည်း တခြားအာရှနိုင်ငံတွေနဲ့ ဥရောပ နိုင်ငံတွေဆီ တင်ပို့တယ်။ ပြီးခဲ့တဲ့နှစ်က နယ်စပ်ကုန်သွယ်ရေးကနေ တန်ချိန် ၁၀၀၀ နဲ့ ၁၅၀၀ ကြား၊ ပုံမှန်ကုန်သွယ်ရေးကနေ တန်ချိန် ၅၀၀ နဲ့ ၈၀၀ ကြား တင်ပို့နိုင်ခဲ့တယ်။ ဒီနှစ်မှာလည်း   အဲဒီလောက် တင်ပို့နိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌ ဦးမျိုးအေးက ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ စုစုပေါင်းကော်ဖီစိုက်ဧက ၄၀၀၀၀ ခန့်ရှိပြီး တစ်နှစ်လျှင် ကော်ဖီတန်ချိန် ၈၀၀၀ မှ ၁၀၀၀၀ ကြား ထွက်ရှိကြောင်း၊ ကော်ဖီပင်များကို ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့၌  အများဆုံးစိုက်ပျိုးကြပြီး ရှမ်းပြည်နယ်မှ စိုက်ပျိုးထွက်ရှိသော အာရေဗီးကားကော်ဖီ(ခေါ်) ကုန်းမြင့် ကော်ဖီသည်  နိုင်ငံတကာဈေးကွက်၌ နေရာရရှိထားကာ နှစ်စဉ်တင်ပို့နေရကြောင်း သိရသည်။

ရိုဘတ်စတာကော်ဖီ(ခေါ်) မြေပြန့်ကော်ဖီမျိုးကို ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့်  တနင်္သာရီ တိုင်းဒေသကြီးတို့၌ အများဆုံး စိုက်ပျိုးကြပြီး ထွက်ရှိလာသောကော်ဖီများကို ပြည်တွင်း၌ အများဆုံး အသုံးပြုကာ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အတွက်လည်း အလားအလာရှိသော ကော်ဖီ မျိုးဖြစ်ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံကော်ဖီအသင်းအနေဖြင့်  ပြည်တွင်း၌   ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာစေရန် နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ကော်ဖီမျိုးကောင်း မျိုးသန့်များ ရရှိစေရန် အကူအညီပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆောင်းဦး