၂၀၂၄ ခုနှစ် လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ထောက်ပံ့ငွေများ ပေးအပ်

 

 

၂၀၂၄ ခုနှစ် လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ထောက်ပံ့ငွေများ ပေးအပ်

 

ပဲခူး  ဧပြီ  ၂၃

    ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ၂၀၂၄ ခုနှစ် လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများက   ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံမှ သြဝါဒခံယူပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဘက်စုံထူးချွန် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်း မိတ်ဆက် ဂါရဝပြုခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံအတွက် အညွန့်အဖူးလေးများ ဖြစ်သည့် လူငယ်မောင်မယ်များအား လူရည်ချွန်၊ လူရည်မွန်များဖြစ်စေရေးအတွက် ကျန်းမာသန်စွမ်းသော ကိုယ်ကာယ၊ ထက်မြက်သော အနာဂတ်၊ မြင့်မြတ်သော အကျင့်စာရိတ္တတို့နှင့် ပြည့်စုံစေပြီး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်ပေးနိုင်ရေး လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုလို ဘက်စုံထူးချွန်လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ထွက်ပေါ်လာရခြင်း ဖြစ်ကြောင်း၊ လူရည်ချွန်မောင်၊မယ်များ အနေဖြင့် သက်ဆိုင်ရာ လူရည်ချွန်စခန်းများသို့ ရောက်သည့်အခါ တစ်ဦးနှင့်တစ်ဦး နားလည်စာနာမှု၊ သည်းခံခွင့်လွှတ်မှု၊ အပြန်အလှန် ရိုင်းပင်းကူညီဖေးမမှု၊ အပြန်အလှည် မှီခိုအားထား ယုံကြည်မှု   စသည့် စိတ်ဓာတ်ရေးရာ အခြေခံကောင်းများဖြင့် လက်တွဲပူးပေါင်း ဆောင်ရွက်ရမည်ဆိုသည့် ပြည်ထောင်စုစိတ်ဓာတ်နှင့်အညီ ကျင့်ကြံနေထိုင်ပြောဆို ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် လူရည်ချွန်စခန်း အသီးသီးသို့ သွားရောက်မည့်  ပဲခူးတိုင်းဒေသကြီး ဂုဏ်ဆောင်   လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများနှင့် ကြီးကြပ်ဆရာ၊ ဆရာမများ စုစုပေါင်း ၅၆ ဦးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ထောက်ပံ့ငွေကျပ် ၅၆ သိန်းအား  ပေးအပ်ရာ ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီး၌ အခြေခံပညာ အထက်တန်းကျောင်းများ၊    ကိုယ်ပိုင် အထက်တန်းကျောင်းများမှ ဘက်စုံထူးချွန် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ ၄၈ ဦး၊ ကြီးကြပ်ဆရာရှစ်ဦးအား ပုဂံ၊ တောင်ကြီး၊ ချောင်းသာနှင့် ငွေဆောင်လူရည်ချွန် စခန်းအသီးသီးသို့ ယနေ့တွင် စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။