အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲ

 

အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲ

 

နိဒါန်း

    အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှရှိ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် စတုတ္ထမြောက်လူဦးရေ အများဆုံးနိုင်ငံဖြစ်သည်။ သမ္မတရွေးကောက်ပွဲ၊ လွှတ်တော်ရွေးကောက်ပွဲများနှင့် ဒေသန္တရ ရွေးကောက်ပွဲများကို   တစ်ပြိုင်တည်း ကျင်းပသည်။  ၁၉၉၈   ခုနှစ်တွင် အာဏာရှင်စနစ် ပြီးဆုံးပြီးနောက် ၂၀၀၄ ခုနှစ်မှစ၍   သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများကို တိုက်ရိုက် ရွေးကောက်တင်မြှောက်ခြင်း နည်းလမ်းများဖြင့် ကျင်းပခဲ့ရာ  ယခုအကြိမ်သည် (၅) ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ ပြန့်ကျဲနေသော ကျွန်းပေါင်း ၁၇၀၀ ကျော်နှင့် လူမျိုးစုပေါင်း ၁၃၀၀ ကျော်ရှိပြီး လူဦးရေသန်း   ၂၇၀   ကျော်ရှိသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။  မဲပေးပိုင်ခွင့်ရှိသူ  သန်း  ၂၀၀  ကျော်ရှိပြီး ရွေးကောက်ပွဲများကို တစ်ပြိုင်တည်း ကျင်းပခြင်းကြောင့် ကမ္ဘာ့အကြီးဆုံး တစ်ရက်တာ ရွေးကောက်ပွဲဟု လူသိများသည်။ ယခင်က ဒီမိုကရေစီပွဲတော်ဟုပင် တင်စားခေါ်ဝေါ်ကြသည်။

ရွေးကောက်ပွဲစီမံခန့်ခွဲရေးအဖွဲ့များ

    အင်ဒိုနီးရှားနိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပရန်အတွက်  ရွေးကောက်ပွဲ စီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့အစည်း ၃ ခုရှိသည်။ အထွေထွေရွေးကောက်ပွဲ ကော်မရှင် The General Election Commission (KPU)၊ ရွေးကောက်ပွဲကြီးကြပ်ရေး အဖွဲ့ The Election Oversight Body (Bawaslu) နှင့် ရွေးကောက်ပွဲစီမံခန့်ခွဲရေး ကောင်စီ The Honorary Council of Election Management Bodies (DKPP) [ ဟူ၍ဖြစ်သည်။

အထွေထွေရွေးကောက်ပွဲကော်မရှင် (KPU) သည်  ပြည်ထောင်စုအဆင့်နှင့် ဒေသဆိုင်ရာ   ရွေးကောက်ပွဲများကို ဦးဆောင်ကျင်းပ ပေးရသော လွတ်လပ်သည့် အဖွဲ့အစည်းဖြစ်ပြီး အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းထားသည်။  ကော်မရှင်အဖွဲ့ဝင်များအား    သမ္မတမှ ခန့်အပ်ထားပြီး သက်တမ်းမှာ ၅ နှစ်ဖြစ်သည်။ KPU၏ အတွင်းရေးမှူးချုပ်ကို ကော်မရှင်မှ အမည်စာရင်းတင်သွင်းပြီး သမ္မတမှ ၅ နှစ် သက်တမ်းအတွက် ခန့်အပ်ခြင်းဖြစ်သည်။ အတွင်းရေးမှူးချုပ်သည် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများကို    တာဝန်ယူ ဆောင်ရွက်ရခြင်းဖြစ်သည်။

ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့ (Bawaslu) သည်   ရွေးကောက်ပွဲများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြီးကြပ်ရသည့် အဖွဲ့အစည်းဖြစ်သည်။

Bawaslu အဖွဲ့ကိုလည်း KPU ကဲ့သို့ပင် ရွေးချယ်၍  သက်တမ်းမှာ  ၅  နှစ်ဖြစ်သည်။   ပြည်နယ်နှင့်စီရင်စုအဆင့်များသည် အမြဲတမ်း အဖွဲ့အစည်းများဖြစ်ပြီး ပြည်နယ်တစ်ခုလျှင် အဖွဲ့ဝင် ၃ ဦးဖြင့် ဖွဲ့စည်းထားသည်။ စီရင်စုအောက်ရှိ အဆင့်များ၌  အဖွဲ့ဝင်များသည်  အမြဲတမ်းအဖွဲ့ဝင်များ မဟုတ်ပေ။ မြူနီစီပယ်အဆင့်တွင် ၃ ဦး၊ ခရိုင်ခွဲအဆင့်တွင် ၃ ဦး၊ ရပ်ကွက်/ကျေးရွာ အုပ်စုတစ်ခုလျှင် မြေပြင်ကွင်းဆင်း စစ်ဆေးရေးအရာရှိ   ၁  ဦး စသည်ဖြင့် ဖွဲ့စည်းထားသည်။ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို Bawaslu သို့ တင်သွင်းရပြီး ရွေးကောက်ပွဲစီမံခန့်ခွဲရေး ကောင်စီ  (DKPP)  နှင့်  ရဲဌာန သို့မဟုတ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတို့နှင့် သင့်လျော်သလို ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရသည်။

ရွေးကောက်ပွဲစီမံခန့်ခွဲရေးကောင်စီ

(Dewan Kehormatan Penyelenggara Pemilu - DKPP) သည် KPU အဖွဲ့ဝင်များနှင့် Bawaslu အဖွဲ့ဝင်များ ကျင့်ဝတ်ဆိုင်ရာ ဖောက်ဖျက်ကျူးလွန်မှု ကို စစ်ဆေးဆုံးဖြတ်ရန် ဖွဲ့စည်းထားသည့် အမျိုးသားအဆင့် ကျင့်ဝတ်ထိန်းသိမ်းရေး ကောင်စီတစ်ခုဖြစ်သည်။    DKPP ၏ သက်တမ်းမှာ ၅ နှစ်ဖြစ်ပြီး KPU အဖွဲ့ဝင် ၁ ဦး၊ Bawasluအဖွဲ့ဝင် ၁ ဦးနှင့် ဒေသန္တရ အကြီးအကဲ ၅ ဦးဖြင့် ဖွဲ့စည်းထားသည်။

နိုင်ငံရေးပါတီများ

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် နိုင်ငံရေးပါတီများသည် ပြည်နယ်အတွင်းရှိ ဒေသန္တရအုပ်ချုပ်ရေး နယ်မြေတွင် ပါတီရုံးခွဲ ၇၅ ရာခိုင်နှုန်းနှင့် ယင်းနယ်မြေအတွင်းရှိ  ခရိုင်များတွင် ၅၀ ရာခိုင်နှုန်း  ဖွင့်လှစ်ရမည်ဖြစ်သည်။ ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ် ဧပြီလ၌ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၇၅ ပါတီမှ  အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။ ယင်းအနက် ၂၄ ပါတီသာ KPU သို့   အမည်စာရင်းတင်သွင်းကြသည်။ KPU သည် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည့်

ပါတီ ၁၇ ပါတီရှိကြောင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကြေညာခဲ့ရာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ငြင်းပယ်ခံရသည့် The Ummah Party မှ Bawaslu အဖွဲ့ထံသို့ အယူခံဝင်ခဲ့သည်။   ပါတီ၏ အယူခံဝင်ချက်ကို  လက်ခံပြီး  KPU ကို   နောက်တစ်ကြိမ်စိစစ်စစ်ဆေးရန် ညွှန်ကြားခဲ့ရာ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် The Ummah Party အား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိကြောင်း ကြေညာခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါတီ ၁၈ ပါတီ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။ 

ရွေးကောက်ပွဲများ ကျင်းပခြင်း

သမ္မတရွေးကောက်ပွဲကို Majority Vote - Two Round System ဖြင့် လည်းကောင်း၊ အောက်လွှတ်တော်ကိုယ်စားလှယ်များကို တစ်ဦးထက်ပို၍ ရွေးကောက် တင်မြှောက်ခွင့်ရှိသော     မဲဆန္ဒနယ် ၇၇ နယ်မှ ကိုယ်စားလှယ် ၅၈၀ ဦးကို Open List PR စနစ်ဖြင့်လည်းကောင်း၊ အထက်လွှတ်တော် ကိုယ်စားလှယ်များကို ပြည်နယ် ၃၈ ခုအား မဲဆန္ဒနယ်တစ်နယ်စီ သတ်မှတ်၍  ပြည်နယ်တစ်ခုလျှင်  ၄ ဦးနှုန်းဖြင့် ကိုယ်စားလှယ် ၁၅၂ ဦးကို List PR  စနစ်ဖြင့် လည်းကောင်း တိုက်ရိုက်ရွေးကောက် တင်မြှောက်ကြသည်။

လွှတ်တော်အတွင်း ကိုယ်စားလှယ်နေရာ ရရှိရေးအတွက် နိုင်ငံရေးပါတီများ အနေဖြင့် အနိမ့်ဆုံး ခိုင်လုံမဲသတ်မှတ်ချက် ၄ ရာခိုင်နှုန်း ရရှိရန်လိုအပ်သည်။ ရွေးကောက်ပွဲဥပဒေအရ သမ္မတလောင်း တစ်ဦးသည် နိုင်ငံလုံးဆိုင်ရာ ဆန္ဒမဲ အနည်းဆုံး ၅၀ ရာခိုင် နှုန်းနှင့် ပြည်နယ်တစ်ခုစီတွင် အနည်းဆုံး ၂၀ ရာခိုင်နှုန်း  ရရှိရန်လိုအပ်သည်။ အနည်းဆုံး  ခိုင်လုံမဲ  ၅၀  ရာခိုင်နှုန်း မရရှိပါက ဒုတိယအကျော့ ရွေးကောက်ပွဲတွင် အများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်း ၂ ဦး ယှဉ်ပြိုင်ရမည်ဖြစ်သည်။

နိုင်ငံရေးပါတီများ အနေဖြင့် သမ္မတလောင်း အမည်စာရင်း တင်သွင်းရာတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ အောက်လွှတ်တော် DPR တွင် ကိုယ်စားလှယ်နေရာ အနည်းဆုံး ၂၀ ရာခိုင်နှုန်း ရရှိသည့်ပါတီ သို့မဟုတ် ညွန့်ပေါင်းအဖွဲ့မှ တင်သွင်းနိုင်သည်။ သို့မဟုတ် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် လူထုထောက်ခံမဲ ၂၅ ရာခိုင်နှုန်း ရရှိမှသာ အမည်စာရင်း တင်သွင်းနိုင်သည်။ သမ္မတလောင်းသည် အသက် ၄၀ နှစ်ပြည့်ပြီး အင်ဒိုနီးရှားနိုင်ငံတွင် အနည်းဆုံး ၅ နှစ် အခြေချနေထိုင်သူ ဖြစ်ရမည်ဖြစ်ပြီး နိုင်ငံခြားသားအဖြစ် ခံယူထားသူမဖြစ်ရပါ။

နေ့ရက်များသတ်မှတ်ခြင်း

လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်းကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် လည်းကောင်း၊ သမ္မတနှင့် ဒုတိယသမ္မတလောင်းများ အမည်စာရင်း တင်သွင်းခြင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် လည်းကောင်း တင်သွင်းနိုင်ပြီး ကိုယ်စားလှယ်လောင်း အားလုံးအတွက်  အမည်စာရင်း တင်သွင်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ဖြစ်သည်။ မဲဆွယ်စည်းရုံးခွင့် ကာလကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ရက်ပေါင်း ၇၅ ရက် သတ်မှတ်ထားပြီး မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ရသည့်နေ့ (Silent Day) အဖြစ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ  သတ်မှတ်ထားသည်။ ဒုတိယအကျော့   သမ္မတရွေးကောက်ပွဲ ကျင်းပရပါက မဲဆွယ်စည်းရုံးခွင့် ကာလကို ၂၀၂၄ ခုနှစ် ဇွန်လ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၂၁ ရက်သတ်မှတ်ထားပြီး NyD; Silent Day သည် ၂၀၂၄ ခုနှစ် ဇွန်လ ၂၃ ရက်မှ ၂၅ ရက်ထိဖြစ်သည်။ သမ္မတရွေးကောက်ပွဲ၌ အနိုင်အရှုံး မပြတ်သားမှသာ  ဒုတိယအကျော့ ရွေးကောက်ပွဲကို   ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။ အောက်တိုဘာလတွင်   သမ္မတသစ် ကျမ်းကျိန်ဆိုပွဲ ပြုလုပ်သွားမည်ဖြစ်သည်။

မဲပေးခြင်း

အသက် ၁၇ နှစ်ပြည့်ပြီး အင်ဒိုနီးရှား နိုင်ငံသားများ မဲပေးပိုင်ခွင့်ရှိသည်။ အသက်မပြည့်သေးသော်လည်း   အိမ်ထောင်ပြုပြီးသူဖြစ်ပါက  မဲပေးပိုင်ခွင့်ရှိသည်။ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် မဲပေးပိုင်ခွင့်မရှိပေ။ မဲပေးပိုင်ခွင့်ရှိသူ သန်း ၂၀၀ ကျော်ရှိသည့်အနက် ထက်ဝက်ကျော်ခန့်သည် အသက်  ၄၀  အောက် လူငယ်လူရွယ်များဖြစ်ပြီး ၎င်းင်းတို့အနက် သုံးပုံတစ်ပုံခန့်သည် အသက် ၃၀ အောက် လူငယ်များဖြစ်ကြ၍ ကိုယ်စားလှယ်လောင်းများ အနေဖြင့် “လူငယ်မဲ”သည် အရေးကြီးသည့်အတွက်   လူမှုကွန်ရက်မှတစ်ဆင့် လူငယ်လူရွယ်များကို  ပစ်မှတ်ထား၍ စည်းရုံးမှုများ ပြုလုပ်ခဲ့ကြသည်။ မဲဆန္ဒရှင်များထံသို့ ရွေးကောက်ပွဲမကျင်းပမီ ၅ ရက်ခန့်အလိုတွင် မဲရုံတည်နေရာပါရှိသော မဲဆန္ဒရှင် သက်သေခံကတ်ပြား   ပေးပို့ထားပြီး   မဲပေးလာသည့်အခါ   ယင်းသက်သေခံကတ်ပြားနှင့် အတူ နိုင်ငံသား စိစစ်ရေးကတ် သို့မဟုတ် ပတ်စ်ပို့ကတ်ကို မဲရုံသို့ ယူဆောင်လာခဲ့ရမည်ဖြစ်သည်။

မဲဆန္ဒရှင်သည် မဲလက်မှတ် ၅ စောင် (သမ္မတနှင့်ဒုတိယသမ္မတ၊ အထက်လွှတ်တော်၊ အောက်လွှတ်တော်၊ ပြည်နယ်နှင့် မြူနီစီပယ်တို့အတွက် ၁ စောင်စီ)   ရရှိပြီးပါက လျှို့ဝှက်ဆန္ဒပြုခန်းသို့ သွား၍ မိမိမဲပေးလိုသည့် ကိုယ်စားလှယ်လောင်း၏ အမည်၊ နံပါတ်၊ ဓာတ်ပုံ၊ ပါတီလိုဂိုနေရာ တစ်ခုခုတွင် သံဖြင့်အပေါက်ဖောက်၍  မဲပေးရခြင်းဖြစ်သည်။ မဲလက်မှတ်ကိုခေါက်၍ သက်ဆိုင်ရာ   မဲပုံးအတွင်းသို့ ထည့်၍ လက်ချောင်းတွင် မင်တို့ပြီးပါက မဲပေးခြင်း လုပ်ငန်းစဉ် ပြီးဆုံးသည်။ နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များ အနေဖြင့် သမ္မတ၊ ဒုတိယသမ္မတနှင့် အောက်လွှတ်တော်တို့အတွက် မဲလက်မှတ်  ၂  စောင်သာ ရရှိမည်ဖြစ်သည်။ မြို့တော်ဂျာကာတာရှိ အချို့နေရာများ၌ ဈေးဝယ်ရာတွင် မင်တို့ထားသော လက်ချောင်းကိုပြသနိုင်ပါက ရွေးကောက်ပွဲနေ့      အထူးလျှော့ဈေးများ ရရှိခြင်း၊ လက်ဆောင်များ ရရှိခြင်းတို့ရှိသည်။

အင်ဒိုနီးရှားနိုင်ငံသည် မတူညီသော စံတော်ချိန် သုံးခုကြား တည်ရှိနေပြီး မဲရုံများကို နံနက် ၇ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဒေသစံတော်ချိန်အလိုက် ဖွင့်လှစ်၍ မဲပေးခြင်း ဆောင်ရွက်ခဲ့သည်။ မဲရုံပေါင်း ၈၂၀၀၀၀ ကျော်ဖွင့်လှစ်၍ မဲပေးခြင်း ပြုလုပ်ခဲ့သည်။ နိုင်ငံပြင်ပမဲပေးခြင်းကို ဇန်နဝါရီလအစောပိုင်းမှစ၍ နိုင်ငံအလိုက် မဲရုံပေါင်း  ၃၀၀၀   ကျော်ဖွင့်လှစ်၍ ဆောင်ရွက်စေခဲ့သည်။  မဲရုံဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းပေါင်း ၅ သန်းကျော် ပါဝင်ဆောင်ရွက်ခဲ့သည်။ မဲပေးပိုင်ခွင့်ရှိသူ သန်း ၂၀၀ ကျော်ရှိသည့်အနက် နိုင်ငံပြင်ပရောက် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပေါင်း ၁ ဒသမ ၅ သန်း ကျော်ခန့်ရှိသည်။

မဲပေးခြင်း လုပ်ငန်းစဉ်ပြီးသည်နှင့် တစ်ပြိုင်နက်  မဲရုံများတွင် မဲရေတွက်ခြင်းကို စတင်သည်။  မဲရေတွက်ခြင်း အလုံးစုံပြီးစီးပါက  တရားဝင်မဲရလဒ်ကို  ၃၅ ရက်အတွင်း ကြေညာရမည်ဖြစ်သည်။

သမ္မတလောင်းများ စကားစစ်ထိုးပွဲ ကျင်းပခြင်း

အင်ဒိုနီးရှားနိုင်ငံတွင်  ဝင်ရောက်ယှဉ်ပြိုင်မည့် သမ္မတလောင်းများအတွက် စကားစစ်ထိုးပွဲ (၅) ကြိမ် ကျင်းပ ဆောင်ရွက်သည်။ ယင်းစကားစစ်ထိုးပွဲအား ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြီး    စစ်တမ်းများ ကောက်ယူသည်။  ပထမအကြိမ်တွင် ဥပဒေ၊ လူ့အခွင့်အရေး၊  ဒီမိုကရေစီနှင့် နိုင်ငံအုပ်ချုပ်ရေးဆိုင်ရာ အကြောင်းအရာကို လည်းကောင်း၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်တို့တွင် ကာကွယ်ရေး၊ လုံခြုံရေး၊ ပထဝီဝင်အနေအထားနှင့် နိုင်ငံတကာ ဆက်သွယ်ရေးဆိုင်ရာ အကြောင်းအရာကို လည်းကောင်း၊  စတုတ္ထအကြိမ်တွင် နိုင်ငံ၏စွမ်းအင်၊   သဘာဝတွင်းထွက်ပစ္စည်းများ၊ အစားအစာ၊ ကာဗွန်အခွန်ကိစ္စ၊ စိုက်ပျိုးရေး၊  သဘာဝပတ်ဝန်းကျင်၊ တိုင်းရင်းသားလူမျိုးစုများဆိုင်ရာ အကြောင်းအရာကိုလည်းကောင်း၊ ပဉ္စမအကြိမ်တွင် နည်းပညာ၊ ပြည်သူ့ဝန်ဆောင်မှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍လည်းကောင်း  စကားစစ်ထိုးပွဲများ ကျင်းပခဲ့သည်။

သမ္မတလောင်းနှင့် ဒုတိယသမ္မတလောင်းများ အန်နီ ဘက်စ်ဝီဒန်  (Anies Baswedan) အန်နီ ဘက်စ်ဝီဒန် (Anies Baswedan) သည် အသက် ၅၄ နှစ်အရွယ်ရှိပြီး ဂျာကာတာမြို့တော် အုပ်ချုပ်ရေးမှူးဟောင်းနှင့်  နိုင်ငံရေးသိပ္ပံ  ပါမောက္ခဟောင်းတစ်ဦးဖြစ်သည်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ပညာသင် ကြားခဲ့ပြီး ပညာရေးဝန်ကြီးအဖြစ် နိုင်ငံရေးနယ်ပယ်သို့  စတင်ဝင်ရောက်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဂျာကာတာအုပ်ချုပ်ရေးမှူး ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီး   ၎င်း၏ပြိုင်ဘက်ဖြစ်သူအား ပုတ်ခတ်စော်ကားမှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူဖြစ်သည်။

၎င်း၏   ဒုတိယသမ္မတ ပြိုင်ဘက်ဖြစ်သူ Muhaimin Iskandar သည် အသက် ၅၇ နှစ်အရွယ်ရှိ ပြည်သူ့ကိုယ်စားလှယ် ကောင်စီ၏ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး အင်ဒိုနီးရှား၏   အကြီးဆုံး မွတ်စလင် နိုင်ငံရေးပါတီ National Awakening Party (PKB) ၏ ခေါင်းဆောင်လည်းဖြစ်သည်။ ၎င်းတို့သည် အင်ဒိုနီးရှားကို တရားမျှတပြီး သာယာဝပြောစေရန်နှင့် နိုင်ငံတစ်ဝန်းတွင် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးပြီး အသေးစား လုပ်ငန်းရှင်များအတွက် တန်းတူအခွင့်အရေးများ မြှင့်တင်ပေးမည်ဟု ကတိပြုခဲ့သည်။

ပရာဘိုဝို ဆူဘီရန်တို (Ganjar Pranowo))

ပရာဘိုဝို ဆူဘီရန်တို (Ganjar Pranowo) သည် အသက် ၇၂ နှစ်အရွယ်ရှိ စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သည်။ ယခင် အာဏာရှင်ဟောင်း ဆူဟာတို၏ သမက်တော်သူလည်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် သမ္မတရွေးကောက်ပွဲများတွင် သမ္မတဂျိုကိုဝီဒိုဒိုကို ရှုံးနိမ့်ခဲ့ပြီး ယခုအကြိမ်သည် တတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။   ပရာဘိုဝိုသည် စစ်တပ်တွင် တာဝန်ထမ်းဆောင်စဉ်ကာလ ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်း ကာလများတွင် ဒီမိုကရေစီ အရေးလှုပ်ရှားသူ ၂၀ ဦးခန့်ကို ပြန်ပေးဆွဲမှုဖြင့် တရားစွဲဆိုခံခဲ့ရဖူးသည်။ အရှေ့တီမောနှင့်  ပါပူဝါတို့တွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုဖြင့်  စွပ်စွဲခံခဲ့ရပြီး ၁၉၉၈ ခုနှစ်တွင် တပ်မတော်မှ နုတ်ထွက်ခဲ့သည်။      သမ္မတဂျိုကိုဝီလက်ထက်တွင် ကာကွယ်ရေးဝန်ကြီးဖြစ်လာပြီးနောက်  ၂၀၂၀  ပြည့်နှစ်အထိ အမေရိကန်ပြည်ထောင်စုသို့ ပြည်ဝင်ခွင့် တားမြစ်ခြင်းခံခဲ့ရသည်။ ပရာဘိုဝိုသည် အမျိုးသားရေးဝါဒီ၊   လက်ယာယိမ်း လူကြိုက်များသော နိုင်ငံရေးပါတီဖြစ်သည့် Gerindra ၏ခေါင်းဆောင်ဖြစ်ပြီး ွသူုမေ ပါတီနှင့် National Mandate Party (PAN) တို့၏ ကျောထောက်နောက်ခံရှိသူလည်းဖြစ်သည်။ ပရာဘိုဝိုသည် ကျေးလက်၊ ကမ်းရိုးတန်း၊ မြို့ပြဒေသများတွင် လူနေ အိမ်သစ် ၃ သန်းကျော် ဆောက်လုပ်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့နေ့လယ်စာ အစီအစဉ်ကိုဆောင်ရွက်ရန် စသည့် ၎င်း၏အစီအစဉ်များကို ချပြပြောကြား၍   မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။  

၎င်းနှင့်အတူ ဒုတိယသမ္မတလောင်းအဖြစ် ရွေးကောက်ခံရန်ရှိသည့်  GibranRakabuming Raka သည် အသက် ၃၆ နှစ်အရွယ်ရှိ Surakarta ၏ လက်ရှိ မြို့တော်ဝန်တစ်ဦးဖြစ်ပြီး သမ္မတ ဂျိုကိုဝီဒိုဒို၏ သားတစ်ဦးလည်းဖြစ်သည်။ သမ္မတနှင့် ဒုတိယသမ္မတလောင်းများ၏  အသက် သတ်မှတ်ချက်မှာ ၄၀ နှစ်ဖြစ်သော်လည်း အင်ဒိုနီးရှားနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ လွန်ခဲ့သော အောက်တိုဘာလတွင် အသက်မပြည့်သေးသည့် ကိုယ်စားလှယ်လောင်းများသည်  ယခင်အများပြည်သူဆိုင်ရာရုံးအတွက် ရွေးချယ် တင်မြှောက်ခံရပါက ကိုယ်စားလှယ်လောင်းအဖြစ် ရပ်တည် နိုင်ကြောင်း  အမိန့်ချမှတ်ခဲ့ခြင်းကြောင့် Gibran သည် ဒုတိယသမ္မတလောင်းအဖြစ်  ဆက်လက် ရပ်တည်ခွင့်ရရှိခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ဂျန်ဂျာ ပရာနိုဝို (Ganjar Pranowo))

ဂျန်ဂျာ ပရာနိုဝို (Ganjar Pranowo)) သည် အသက် ၅၅ နှစ်အရွယ်ရှိပြီး လက်ရှိ အာဏာရပါတီမှ ရွေးချယ်ကိုယ်စားပြုခြင်းဖြစ်သည်။ အလယ်ဂျာဗားပြည်နယ်၏ အုပ်ချုပ်ရေးမှူးအဖြစ်  နှစ်ကြိမ်ဆက် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်သူ Sukarno ၏သမီးဖြစ်သူ   Megawati Sukarnoputri ခေါင်းဆောင်သော ၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင်   ဂျိုကိုဝီဒိုဒိုအား သမ္မတ ရာထူးနေရာအတွက် ကျောထောက်နောက်ခံပြုသည့် ပါတီ    Indonesian Democratic Party of Struggle (PDI-P) ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

၎င်းနှင့်အတူ ဒုတိယ သမ္မတလောင်းအဖြစ် ရွေးကောက်ခံရန်ရှိသည့် Mahfud MD သည် အသက် ၆၆ နှစ်အရွယ်ရှိပြီး နိုင်ငံရေး၊ တရားရေးနှင့် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီးဟောင်း တစ်ဦးဖြစ်သည်။ Ganjar Pranowo နှင့် ၎င်း၏ ဒုတိယသမ္မတလောင်းဖြစ်သူ Mahfud MD တို့သည် အင်ဒိုနီးရှား သာမန်ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို  နားထောင်နိုင်ရန် နိုင်ငံအနှံ့လှည့်လည်သွားရောက်ကြပြီး ပြည်သူများ၏ လူနေမှုဘဝ တိုးတက်ရေးအတွက် လူမှုကူညီထောက်ပံ့မှု အစီအစဉ် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။ အစိုးရဝန်ထမ်းများ၊ ဆရာ၊ ဆရာမများအတွက် လစာတိုးပေးမည်ဟု ကတိပြုခဲ့သည်။

ကနဦးရွေးကောက်ပွဲရလဒ်များ

KPUမှ တရားဝင် မဲရလဒ်ကြေညာချက် မထွက်သေးသော်လည်း ရှေ့ပြေးမဲရလဒ်များအရ  ပရာဘိုဝိုက  ၅၃  ဒသမ ၄ ရာခိုင်နှုန်းနှင့် ၅၉ ဒသမ ၈ ရာခိုင်နှုန်း ကြားတွင်လည်းကောင်း၊ အန်နီဘက်စ်ဝီဒန်က ၂၃ ဒသမ ၁၁ ရာခိုင်နှုန်းနှင့် ၂၆ ဒသမ ၃၉ ရာခိုင်နှုန်းကြားတွင် လည်းကောင်း၊ ဂျန်ဂျာ ပရာနိုဝိုက ၁၆ ဒသမ ၇၂ ရာခိုင်နှုန်းနှင့် ၁၇ ဒသမ ၁၂ ရာခိုင်နှုန်းကြားတွင် လည်းကောင်း   အသီးသီးရရှိထားသည်။ ကနဦးထွက်ပေါ်လာသည့် မဲရလဒ်များအရ ပရာဘိုဝို ဆူဘီရန်တိုက မဲအသာစီးဖြင့် ဦးဆောင်လျက်ရှိကြောင်း သိရသည်။ ဥပဒေပြုလွှတ်တော်တွင်  Indonesian Democratic Party of Struggle (PDI-P) ပါတီမှ ကိုယ်စားလှယ်နေရာ အများဆုံးဖြင့် ဦးဆောင်နေသည်ကို တွေ့ရှိရသည်။ အပြီးသတ်မဲရလဒ်များကို မတ်လတွင် သိရှိရမည်ဖြစ်သည်။

နိဂုံး

ကမ္ဘာ့အကြီးဆုံး တစ်ရက်တာ ရွေးကောက်ပွဲကြီးကို အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် သမ္မတကို ပြည်သူမှ တိုက်ရိုက်ရွေးကောက် တင်မြှောက်သည့်အတွက် ပါတီ၏ကျောထောက် နောက်ခံထက် သမ္မတလောင်း ၏ အရည်အချင်းပေါ်တွင် များစွာမူတည်နေသည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ ထက်ဝက်ခန့်သည် လူငယ်လူရွယ်များ ဖြစ်သည့်အတွက် ရွေးကောက်ပွဲရလဒ်၏ အဆုံးအဖြတ်သည် အင်ဒိုနီးရှား လူငယ်များအပေါ် များစွာမှီတည်နေသည်ကို သိရှိရသည်။ အလုပ်အကိုင် အခွင့်အလမ်းများသည် လူငယ် မဲဆန္ဒရှင်များ အတွက် ဦးစားပေးမျှော်မှန်းချက်ဖြစ်၍ ၎င်းအခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် နိုင်ငံ့ခေါင်းဆောင်ကို လိုလားတောင့်တသောကြောင့် ရွေးကောက်ပွဲတွင် စိတ်အားထက်သန်စွာ  မဲပေးရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။    ။

ရည်ညွှန်းကိုးကား

-        https://www.aljazeera.com/news/2024/2/9/indonesian-elections-2024-all-yo...

 -       https://en.wikipedia.org/wiki/ 2024_Indonesian_general_ election#Electoral _system

-        http://archive.ipu.org/parline-e/reports/2147_B.htm

-        https://aerc.anfrel.org/country/indonesia/election-mana-gement/

-        https://www.aljazeera.com/news/2024/2/9/indonesian-elections-2024-all-yo...

-        https://www.channelnewsasia.com/asia/indonesia-presi-dential-elections-a...

-        https://www.thejakartapost.com/election-2024/in-depth

-        https://www.thejakartapost.com/indonesia/2024/01/25/how-to-vote-in-the-2...