ဆုံးရှုံးနိုင်ခြေမြင့်မားသော မှုခင်းများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေဖော်ထုတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

 

ဆုံးရှုံးနိုင်ခြေမြင့်မားသော မှုခင်းများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေဖော်ထုတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော်  ဧပြီ  ၂၄

      ဆုံးရှုံးနိုင်ခြေမြင့်မားသော မှုခင်းများနှင့် ဆက်နွှယ်သည့်   ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေဖော်ထုတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ကျင်းပရာ   ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို   ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အဖွင့်အမှာစကား ပြောကြားသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊ ငွေကြေး ဆိုင်ရာ    စုံစမ်းထောက်လှမ်းရေး အဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အရာရှိကြီးများ၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ ကြီးကြပ်ရေး အာဏာပိုင်များ၊ သတင်းပို့အဖွဲ့အစည်းများ၊   နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှု နှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာ (Progress Report) တွင်ပါရှိသည့် လက်ငင်းရလဒ်(၁) အဆင့်တိုးမြှင့် ရရှိစေရန်ဆောင်ရွက်ရာတွင် ဆုံးရှုံးနိုင်ခြေမြင့်မားသည့် မှုခင်းများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှု အန္တရာယ်များကို နားလည်သိရှိမှု တိုးတက်ကြောင်း ပြသရန်အတွက် ကဏ္ဍအလိုက် ဆုံးရှုံးနိုင်ခြေ အန္တရာယ်အကဲဖြတ်မှု(Risk Assessment) ဆောင်ရွက်ထားရှိမှုများအား သိရှိနားလည်စေရန်နှင့် ကြီးကြပ်ရေး အာဏာပိုင်များနှင့် သတင်းပို့ အဖွဲ့အစည်းများမှ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး လုပ်ငန်းများဆိုင်ရာ သိရှိနားလည်မှု တိုးတက်စေရန် ယခုဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ လက်ရှိကာလတွင် အလေးထားပြီး တားဆီးတိုက်ဖျက်သွားရန် လိုအပ်သည့် အွန်လိုင်းလိမ်လည်မှုများနှင့် ဆက်နွှယ်နေသည့် ငွေကြေးခဝါချမှု လားရာများကိုလည်း  ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးသွားရန်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့်    ဌာန/အဖွဲ့အစည်းများကလည်းကောင်း၊ ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများက လည်းကောင်း၊ အခြားစီးပွားရေး လုပ်ငန်းအသီးသီးမှ လည်းကောင်း ဆုံးရှုံးနိုင်ခြေမြင့်မားသည့် မှုခင်းများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုအန္တရာယ်များအား ဖော်ထုတ်ရာတွင် သက်ဆိုင်ရာ ကြီးကြပ်ရေး အာဏာပိုင်များက ဆွေးနွေးသည့် အချက်များအပေါ်   ဆုံးရှုံးနိုင်ခြေ ဖော်ထုတ်ရန်လိုအပ်ပြီး သတင်းပို့ရာတွင် ပြန်လည်သုံးသပ်နိုင်ရန်  လိုအပ်ကြောင်း၊ အစီရင်ခံစာများလည်း ဌာနအသီးသီးမှ အများပြည်သူသိရှိစေရန် ထုတ်ဝေရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ယခုဆွေးနွေးပွဲရလဒ်များ အပေါ် အခြေခံ၍ သတင်းပို့ အဖွဲ့အစည်းများမှ AML/CFT ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်စေရန်နှင့် ဆွေးနွေးပွဲမှ ရရှိသည့်အသိပညာများအား လက်တွေ့တွင် ထိရောက်စွာ အသုံးချနိုင်စေရန်အတွက် တက်ရောက်လာသူများက ဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်း ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက်   ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့က အွန်လိုင်းလိမ်လည်မှုများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှု လားရာများ   မဟာဗျူဟာခွဲခြမ်း စိတ်ဖြာမှု အစီရင်ခံစာအား လည်းကောင်း၊ ဆုံးရှုံးနိုင်ခြေ မြင့်မားသောမှုခင်းများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှု ဆုံးရှုံးနိုင်ခြေများနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊    ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ စုံစမ်းစစ်ဆေးရေး ဌာနခွဲ-၁၊  စုံစမ်းစစ်ဆေးရေးဌာနခွဲ-၂၊ ပုဂ္ဂလိကဘဏ်ခြောက်ဘဏ်၊ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အာမခံလုပ်ငန်း၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းနှင့် ရွှေလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌက  ယခုဆွေးနွေးပွဲမှရရှိသည့် အသိပညာ ဗဟုသုတများကို   မိမိတို့၏ဌာန/လုပ်ငန်းများတွင် ပြန်လည်ဝေမျှဆွေးနွေး သွားရန်ဖြစ်ကြောင်း၊ ငွေကြေးခဝါချမှု အန္တရာယ်နှင့် ဆုံးရှုံးနိုင်ခြေများကို သိရှိနားလည်မှုတိုးတက်လာသည်နှင့် အမျှ သတင်းပို့အဖွဲ့အစည်းများသည်  ငွေကြေးခဝါချမှုကို ကာကွယ်တားဆီးမှု တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊    ယခုဆွေးနွေးပွဲမှ အဓိကအရေးကြီး ဆောင်ရွက်ရန်အချက်များကို ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း နိဂုံးချုပ် အမှာစကား ပြောကြားသည်။