မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကျင်းပ

 

မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကျင်းပ

 

နေပြည်တော် ဧပြီ  ၂၄

   မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၏ မွေးမြူရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရုံး အမှတ်(၃၆) အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာ ကောင်စီ၊ မြန်မာနိုင်ငံတိရစ္ဆာန် ဆေးကုဆရာဝန်များ အသင်း၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် တို့မှ တာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ စာတမ်းရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး /ပြည်နယ် /ခရိုင်နှင့် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူများက   အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

စာတမ်းဖတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး က စားရေရိက္ခာ အသားကဏ္ဍ ဖူလုံမှုတိုးတက်ရေးနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသည့်  မွေးမြူရေး ထွက်ကုန်များ  တိုးတက်ထုတ်လုပ်နိုင်ရေး အတွက်   မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်အစိုးရက ဘက်စုံကဏ္ဍစုံမှ အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း   နည်းပညာ ဝန်ဆောင်မှုများ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့်   မွေးမြူရေးဆိုင်ရာ သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊  သို့အတွက်  သုတေသီ ပညာရှင်များအနေဖြင့် အဆင့်မြင့်နည်းပညာ အသစ်များ လေ့လာဖော်ထုတ် အသုံးပြုနိုင်ရေး ကြိုးပမ်းမှုနှင့်အတူ ဆက်စပ်ဌာနများ၊ မွေးမြူရေး လုပ်ငန်းရှင်များနှင့် မွေးမြူရေး တောင်သူများ    ပူးပေါင်းပါဝင်သည့် လက်တွေ့အသုံးချ  သုတေသနလုပ်ငန်းများကို တစ်ပါတည်း ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက်   ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဧည့်သည်တော်များနှင့် စာတမ်းရှင်များက စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြပြီး မွေးမြူရေးဆိုင်ရာ ပြခန်း ပြကွက်များကို ကြည့်ရှုအားပေးကြသည်။

အစီအစဉ်ဒုတိယပိုင်းတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက စာတမ်းဖတ်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စာတမ်းဖတ်ပွဲ အကဲဖြတ်  အမှတ်ပေး စည်းမျဉ်းများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ စာတမ်းရှင်များက သုတေသနစာတမ်းများ တင်သွင်းဖတ်ကြားကြပြီး တက်ရောက်လာသူများက မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားကာ စာတမ်းဖတ်ပွဲ  ပထမနေ့ကို ညနေပိုင်းတွင် ရပ်နားခဲ့သည်။

စာတမ်းဖတ်ပွဲတွင် ဌာနမှဆောင်ရွက်လျက်ရှိသော တိရစ္ဆာန်များ မွေးမြူထုတ်လုပ်ခြင်း ဆိုင်ရာ စစ်တမ်းများ၊ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းအပေါ်အခြေခံ၍ မြန်မာနိုင်ငံ၏ တိရစ္ဆာန်မွေးမြူမှု အခြေအနေ လေ့လာသုံးသပ်ချက်စာတမ်း၊    မျိုးဗီဇ ဆိုင်ရာ၊  တိရစ္ဆာန်အစာအာဟာရဗေဒ၊ သိုး ဆိတ်မွေးမြူရေး၊ ရောဂါကာကွယ် ထိန်းချုပ်ရေး၊ ရောဂါစူးစမ်း ရှာဖွေထောက်လှမ်းခြင်း၊ တစ်ခုတည်းသော ကျန်းမာရေးဆိုင်ရာနှင့် ပဋိဇီဝဆေးဆိုင်ရာ   သုတေသနများနှင့် သက်ဆိုင်သည့် စာတမ်းများကို အတွေ့အကြုံ ကောင်းရှိသူ စာတမ်းရှင်များနှင့် မျိုးဆက်သစ်လူငယ်စာတမ်းရှင်များက ဧပြီလ ၂၄ ရက်နှင့် ၂၅  ရက်တို့တွင် စာတမ်း ၃၁ စောင်ကို   ဖတ်ကြားတင်သွင်း သွားကြမည်ဖြစ်ကြောင်း သိရသည်။