ဂါဇာတွင် မြေပြင်စစ်ဆင်ရေး ဆင်နွှဲရန် အစ္စရေးက အရန်တပ်မဟာနှစ်ခုကို စစ်စည်းရုံး

 

ဂါဇာတွင် မြေပြင်စစ်ဆင်ရေး ဆင်နွှဲရန် အစ္စရေးက အရန်တပ်မဟာနှစ်ခုကို စစ်စည်းရုံး

 

    ဂါဇာကမ်းမြောင်ဒေသတွင် မြေပြင်စစ်ဆင်ရေး ဆင်နွှဲရန်အတွက်  အရန်တပ်မဟာ နှစ်ခုကို စစ်စည်းရုံးခဲ့ပြီး ဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ဧပြီလ ၂၄ ရက်တွင် ထုတ်ပြန် ကြေညာသည်။

အဆိုပါတပ်မဟာများသည် အစ္စရေးနိုင်ငံ၏  မြောက်ပိုင်းနယ်စပ် အနီးတွင် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ခဲ့ပြီးနောက် လက်ရှိတွင် လေ့ကျင့်သင်ကြားမှုများကို ရယူထား၍ ဂါဇာဒေသ၌ မြေပြင်စစ်ပွဲဆင်နွှဲရန်အတွက် စစ်ရေးအရ အသင့်ဖြစ်မှုကို တိုးမြှင့်ထားကြောင်း အစ္စရေးစစ်ဘက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြ ထားသည်။

အရန်တပ်မဟာတွင်ပါဝင်သည့် စစ်သည်များသည်  တိုက်ပွဲဝင်နည်းလမ်းများကို လေ့ကျင့်ထားသည့်အပြင်   မြေပြင်စစ်ကစားမှုနှင့်  တိုက်ပွဲဆိုင်ရာ လေ့ကျင့်ခန်းများ ကိုပါ လေ့လာသင်ယူထားပြီးဖြစ်ကြောင်း ကြေညာချက်တွင် ဆက်လက်ဖော်ပြသည်။ အစ္စရေးစစ်ဘက်သည် ဂါဇာကမ်းမြောင်ဒေသရှိ ၎င်းတို့၏ တပ်ဖွဲ့အချို့ကို ပြန်လည်ရုပ်သိမ်းပြီးနောက်   အရန်တပ်များကို မြေပြင်စစ်ဆင်ရေး၌ အသုံးပြုရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးစစ်ဘက်အနေဖြင့်   ဂါဇာကမ်းမြောင်ဒေသ၏ တောင်ပိုင်းအကျဆုံး မြို့ဖြစ်သည့် ရာဖာမြို့တွင် မြေပြင်စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲရမည်ဖြစ်ကြောင်း အစ္စရေး စစ်ဘက်အကြီးအကဲ  ဟာဇီဟာလဗီက အစောပိုင်းတွင်ပြောသည်။

ဂါဇာကမ်းမြောင်ဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုများကို ထိန်းသိမ်း၍ လုပ်ဆောင်ရန်  နိုင်ငံတကာမှ တောင်းဆိုထားသည့်ကြားမှ အစ္စရေးစစ်ဘက်က စစ်ဆင်ရေး ဆင်နွှဲမည့်အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။