ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အတွင်း စမ်းသပ်စိုက်ပျိုးခြင်းမှ ထွက်ရှိသည့်နေကြာစေ့များအား ကြိတ်ခွဲခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကြည့်ရှုစစ်ဆေး

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အတွင်း စမ်းသပ်စိုက်ပျိုးခြင်းမှ ထွက်ရှိသည့်နေကြာစေ့များအား ကြိတ်ခွဲခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဧပြီ  ၂၄

    သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာ၌ ရွှေဝါထွန်း(၂)   စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၏  အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင်   ရုရှားသဘာဝ မြေသြဇာ အသုံးပြု၍ စမ်းသပ်စိုက်ပျိုးခြင်းမှ ထွက်ရှိသည့် မြန်မာနေကြာမျိုးနှင့် ရုရှားနေကြာစေ့ များကြိတ်ခွဲဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့နှင့်   ပူးပေါင်းဆောင်ရွက်လျက်ရှိသော လယ်ဝေးမြို့နယ် ရုံးတောကျေးရွာရှိ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း လီမိတက် အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ရုရှား သဘာဝမြေသြဇာ အသုံးပြု၍   စမ်းသပ်စိုက်ပျိုးခင်းမှ ထွက်ရှိလာသည့် မြန်မာနိုင်ငံမှ ရေဆင်းမျိုး၊  ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ Norma? Bravo? Excellent စသည့် ဆီထွက်သီးနှံ နေကြာစေ့များ ပျဉ်းမနားမြို့နယ် Myanmar Agribusiness Public Cooperation  Limited  (MAPCO)ဆန်စက်ဝင်း အတွင်းရှိ နေကြာအခွံချွတ်စက်ဖြင့် အခွံချွတ်နေမှုများကို လည်းကောင်း၊ အခွံချွတ်ပြီးနေကြာစေ့များအား လယ်ဝေးမြို့နယ် တောင်တွင်းဆီစက်တွင် ဆီကြိတ်နေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက  ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နေကြာစေ့များအား အခွံချွတ်ပြီးမှ ဆီကြိတ်ခြင်းသည် ဆီအရည်အသွေး ပိုမိုကောင်းမွန်နိုင်ကြောင်း၊ စမ်းသပ်စိုက်ပျိုးခဲ့သည့် နေကြာမျိုးအလိုက် နေကြာစေ့အား အခွံမချွတ်ဘဲကြိတ်ခြင်းမှ ထွက်ရှိလာသော ဆီပမာဏ၊ အခွံချွတ်ပြီးကြိတ်ခြင်းမှ ထွက်ရှိလာသော ဆီပမာဏ၊ ရေဓာတ်ပါဝင်မှုနှုန်းများကို စနစ်တကျ တိုင်းတာတွက်ချက်ထားရန် လိုအပ်ကြောင်း၊ နေကြာမျိုးအလိုက် ဆီထွက်နှုန်း၊  တွက်ခြေကိုက်မှု  ရှိ၊ မရှိ၊ အားသာချက်၊  အားနည်းချက်များကို ဖော်ထုတ်ပြီး ဆက်လက် စမ်းသပ်သည့်အခါတွင် အားနည်းချက်များကိုပြုပြင်၍ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း လီမိတက် အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ရုရှားသဘာဝ မြေသြဇာအသုံးပြု၍  နွေစပါးစမ်းသပ် စိုက်ပျိုးထားရှိမှု အခြေအနေများကို    ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။