ပုဂံဒေသရှိ ရှေးဟောင်းရေအရင်းအမြစ်ဆိုင်ရာရေကန်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းကြပါစို့

ပုဂံဒေသရှိ ရှေးဟောင်းရေအရင်းအမြစ်ဆိုင်ရာရေကန်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းကြပါစို့

ပုဂံဒေသသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်တည်ရှိပြီး ရွှေစည်းခုံဘုရား၊ လောက နန္ဒာဘုရား၊ တုရင်တောင်ဘုရား၊ တန့်ကြည့်တောင်ဘုရား စွယ်တော်လေးဆူအတွင်းတွင် ရှေးဟောင်း ဘုရားစေတီပေါင်း သုံးထောင်ကျော် တစုတဝေးတည်း တည်ရှိနေသည့် မြန်မာတို့၏ အသည်းနှလုံး သဖွယ် ဖြစ်တည်နေသော ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခု ဖြစ်ပေသည်။ အေဒီ ၁၁ ရာစုမှ အေဒီ ၁၃ ရာစုထိ ထွန်းကားခဲ့သော ပုဂံခေတ်၏ ဗိသုကာလက်ရာများ၊ နံရံပန်းချီများ၊ အင်္ဂတေပန်းစသည့် အနုပညာဖန်တီးမှု စိတ်ကူးစိတ်သန်း တီထွင်မှုများသည် လာရောက်လေ့လာကြည့်ရှုကြသည့် ဧည့်သည် တို့၏ ရင်ထဲတွင် အံ့မခန်း ရင်သပ်ရှုမောဖွယ် ထင်ကျန်ရစ်ခဲ့ကြစမြဲပင် ဖြစ်သည်။ ပုဂံခေတ်မတိုင်မီက ထွန်းကားခဲ့သော ပျူခေတ်ဗိသုကာလက်ရာများ၊ မွန်အနုပညာလက်ရာများ၊ သီဟိုဠ်နှင့် အိန္ဒိယတို့မှ အနုပညာ လက်ရာတို့ကို လေ့လာပြီး ပုဂံခေတ်ဗိသုကာ အနုပညာလက်ရာကို ကိုယ်ပိုင်တီထွင် ပုံဖော်နိုင်ခဲ့ ကြပေသည်။ ထို့ကြောင့်လည်း ပုဂံဒေသသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက် UNESCO ၏ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းဝေးတွင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်  ဖြစ်လာခဲ့သည်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခြင်းနှင့်အတူ ဆောင်ရွက်ရမည့်အကြံပြုချက် ၁၉ ချက် ကိုလည်း တစ်ပါတည်း ကမ္ဘာ့အမွေအနှစ်ကော်မတီက ချမှတ်ခဲ့သည်။ ယင်းအကြံပြုချက်များ ထဲတွင် ပုဂံခေတ်ရေအရင်းအမြစ်များ၊ ရှေးဟောင်းရေကန်များနှင့် မူလရေလမ်းကြောင်းများအား သုတေသနပြု ပြန်လည်ဖော်ထုတ် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လည်းပါရှိသည်။

ပုဂံခေတ်၏ ရေစီမံခန့်ခွဲအသုံးချမှုကို လေ့လာရာတွင် ပုဂံမြို့သည် ဧရာဝတီမြစ်၏ ဘေးကပ်လျက်ရှိ သော်လည်း ရေကို ပုဂံမြို့၏ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာရှိ တုရင်တောင်ခြေရင်းမှ မြကန်တွင် ရေသိုလှောင်၍ ၎င်းမှတစ်ဆင့် ရေကိုအသုံးပြုခဲ့ကြသည်။ တုရင်တောင်နှင့် ပုပ္ပါးတောင်တို့မှ စီးဆင်း လာသောရေများနှင့် ၎င်းအနီးရှိချောင်းတို့မှ စီးဆင်း လာသောရေတို့ကို မြောက်ဘက်နှင့် အနောက်ဘက် တို့တွင်ဆည်တာပေါင်ဖို့၍ ရေစုဆောင်းခဲ့ကြပြီး ၎င်းမှတစ်ဆင့် ပုဂံမြို့ဟောင်းကန်အတွင်းသို့ ရေစစ် ကန်၊ ရေစုကန် အဆင့်ဆင့်ဖြင့် သွယ်တန်း သုံးစွဲခဲ့ကြသည်ကို လေ့လာတွေ့ရှိရသည်။

ယနေ့အချိန်ထိ ထင်ရှားစွာတွေ့ရှိရသော ရေလမ်းကြောင်းမှာ မြကန်မှတစ်ဆင့် အလံပုဂံ (အလံပြကန်)၊ အလယ်ကန်(မရိုးကန်)၊ လေးမျက်နှာကန်၊ ညောင်လက်ဖက်ကန် (ညွန်လက်တစ်ဖက်ကန်)၊ ရွှေထီးကန် တို့မှတစ်ဆင့် ပုဂံမြို့ဟောင်းကန်အတွင်းသို့ ရေသွယ်ယူသုံးစွဲခဲ့ကြသည်။ မြကန်သည် ပုဂံမြို့ဟောင်း ကျုံးမှ အထက်အမြင့်ပေ ၂၅၀ ကျော်တွင် တည်ရှိသည့်အတွက် ရေကိုကောင်းစွာ စီးဆင်းသွယ် တန်းနိုင်ပေသည်။ ရေသွယ်ယူရာ၊ စီးဆင်းရာ ရေလမ်းကြောင်းများရှိ ပအိန်းကန်၊ ချောင်းထိပ်ကန်၊ ဇေယျသွပ်ကန်၊ ဘုရားကြီးကန်၊ မင်္ဂလာကန် (၃)၊ မင်္ဂလာကန်(၂)၊ သမထီးကန်၊ ချိုးကန်၊ သူဌေးကန်၊ ကုသိနာရုံကန်၊ ကန်သစ်ကန်၊ ကြပ်ကန်၊ မြင်းကပါအင်းနှင့် ဝက်ကြီးအင်းသည်လည်း ထင်ရှားသည့် ရေကန်များ  ဖြစ်ကြူသည်။

ပုဂံခေတ်က ရေကန်များတူးဖော်ခြင်းနှင့် ပတ်သက်၍ မြကန်ကျောက်စာ၊ အလံပုဂံကျောက်စာ၊ နရသီဟပတေ့မင်း၏ အရီးဖွားစောကျောက်စာ၊ မဟာသေနာပတိ အနန္တသူရမောင်နှံကျောက်စာ စသည်တို့တွင် ရေးသားထားသည့် အထောက်အထားများ တွေ့ရှိရသည်။ မြကန်ကျောက်စာတွင်-“ငတ်မွတ်ခြင်းကင်း၍ ချမ်းသာကြွယ်ဝပေါများ ခြင်းအကျိုးငှာ ရေမရှိသော လယ်မြေမရှိသော ထွန်ယက် စိုက်ပျိုးခြင်းမရှိသော အရပ်တိုင်း၌၊ အတို့သခင်အရှင်တရားမင်းသည် ရေကိုမြဲမြံစွာဆည်စေ၏ ရေကန်ကို တူးစေ၏ စိုက်ပျိုးရန် လယ်မြေကိုဖြစ်စေ၏ ထိုအခါ ဗုဒ္ဓဘုရားသခင်ထံမှ ဗျာဒိတ်ရသော ဆင်ဖြူကို ယာဉ်ပြုထသော မြတ်သော အရှင်ဂြီတြိ ဘုဝနာ ဒိတျာဓမ္မရာဇာဓိရာဇ စကြာဝတေးမင်း ဖြစ်သော သဗ္ဗညုတဉာဏ်ကို ဆုတောင်းသော ဘုရားလောင်းသည် [၁၀] ဤ ရေကန်ကို တရားပြီးလျှင် ကျေးငှက်နှင့် လူသတ္တဝါအပေါင်းတို့၏ အကျိုးစီးပွားအလို့ငှာ မဟာနိဗ္ဗာန်လက်တွေခိရေဟရသော အမည်ကို ပေးတော်မူ၏ [သု] လူအပေါင်းတို့သည် သိကြကုန်လော့” ဟု ရေးသားမှတ်တမ်းတင်ခဲ့ သည်ကို လေ့လာတွေ့ရှိရပေသည်။

မဟာသေနာပတိ အနန္တမောင်နှံကျောက်စာ (သက္ကရာဇ် ၅၈၅ ခု (၅၇၄ ခု)) တွင်လည်းကောင်း၊ နရသီဟပတေ့မင်း၏ အရီးစောမိဖွား ကျောက်စာ(သက္ကရာဇ် ၆၃၇) တွင်လည်းကောင်း၊ ဝပေသူကြီး ကျောက်စာ(သက္ကရာဇ် ၇၄၃ ခု)တွင်လည်းကောင်း ကန်တူးခြင်း၊ ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ကျောက်စာအထောက်အထားများတွင် တွေ့ရှိရသည်။

မြကန်မှရေကို ပုဂံမြို့ဟောင်းသို့ သွယ်တန်းသုံးစွဲခြင်းဖြင့် ရေစီးဆင်းရာလမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများ၏ သောက်သုံးရေ၊ စိုက်ပျိုးရေးနှင့် အဆောက်အအုံများ၊ ဘုရားပုထိုးစေတီများ တည်ဆောက်ကြသည့်အခါများတွင် အသုံးပြုရန်ရည်ရွယ်၍ ဤကဲ့သို့ ရေအသုံးချမှုကို စီမံခန့်ခွဲခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဤသည်မှာ ပုဂံခေတ်၏ ရေကိုကောင်းစွာ စီမံခန့်ခွဲမှုကို ထင်ဟပ်စေသည်။ ပုဂံဒေသ၏ မြေအမျိုးအစားသည် သဲဆန်သောမြေဖြစ်သဖြင့် ရေစီးဆင်းမှုနှင့်အတူ သဲနုန်းများပါဝင် လာလေ့ရှိ သဖြင့် ရေစုကန်၊ ရေစစ်ကန်များကို ရေစီးကြောင်းတစ်လျှောက်တွင်ထား၍ အဆင့်ဆင့်ရေကိုသန့်စင်ပြီး သွယ်တန်းရယူ အသုံးပြုခဲ့ကြပေသည်။ ရေကန်များအတွင်းရှိ သဲနုန်းများအနည်ကျ၍ ရေကန်တိမ်ကော မသွားစေရန်လည်း ဒေသခံပြည်သူတို့က နှစ်စဉ် ကန်ဆယ်သန့်စင်ခြင်းပြုလုပ်ခဲ့ကြသည့်  အစဉ်အလာ သည် ယနေ့တိုင် ပုဂံဒေသ၏ ဓလေ့တစ်ခုအနေဖြင့် ကန်ဆယ်ခြင်း ဆောင်ရွက်လေ့ရှိသည်ကို တွေ့ရှိရသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ပုဂံခေတ်ရေစီမံခန့်ခွဲမှု သုတေသန လုပ်ငန်းကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တို့တွင် ကနေဒါနိုင်ငံ Trent University မှ ပညာရှင်များနှင့်ပူးပေါင်း၍ တုရင်တောင်အနီး ကတက်ကန်နှင့် နတ်ရေကန်တို့တွင် ရေစီမံခန့်ခွဲမှု တူးဖော်သုတေသနပြုလုပ်ငန်း ဆောင်ရွက်ခဲ့သည်။ အီတလီနိုင်ငံ့ University of Marche မှ  ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr. Massimo Sarti နှင့်လည်း ပူးပေါင်း၍ ၂၀၁၉ ခုနှစ်မှ ယနေ့ထိ ရှေးခေတ်ရေလမ်းကြောင်းများကို  ပြန်လည်ဖော်ထုတ်သုတေသနပြု လေ့လာလျက် ရှိကြသည်။ ဤသို့ ပုဂံခေတ်ရေ စီမံခန့်ခွဲမှုစနစ်နှင့် ပတ်သက်၍လည်း ကမ္ဘာ့အမွေအနှစ် ကော်မတီထံ သို့လည်း ၂၀၁၉ ခုနှစ်က ပေးပို့တင်ပြခဲ့သည်။

ပုဂံဒေသတွင် ၂၀၂၁ ခုနှစ်တွင် မိုးရေချိန် လက်မ ၁၇ ဒသမ ၄၀ အထိ ရွာသွန်းခဲ့သဖြင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် မိုးရေချိန်လက်မ ၁၇ ဒသမ ၄၅ ထိ ရွာသွန်းခဲ့သဖြင့် ရှေးဟောင်းအဆောက်အအုံများတွင် မိုးရေများဝင်ရောက်မှုကြောင့် ရှေးဟောင်း အဆောက်အအုံ ၅၉ ဆူ ထိခိုက်မှုဖြစ်ခဲ့သည်။ ဤကဲ့သို့  ဖြစ်ပေါ်ရခြင်းမှာ မြေအောက်ရေနှင့် ဧရာဝတီ မြစ်ရေကို အဓိကအသုံးပြုလာကြပြီး ရေကန်များမှာ အသုံးပြုမှုအားနည်းလာခြင်းကြောင့် မူလရေစီး လမ်းကြောင်းနှင့် ရေကန်များမှာ  အနည်များပို့ချလာခြင်း၊ ရေစီးလမ်းကြောင်းများတွင် လူနေအိမ်များ တိုးချဲ့လာခြင်း၊ သီးနှံစိုက်ပျိုးမှုများ၊ ရေစီးလမ်းကြောင်းများကိုဖြတ်၍ မော်တော်ကားလမ်းများ ဖောက်လုပ်ခြင်း စသည့်ဆောင်ရွက်မှုများကြောင့် မိုးများသည့်နှစ်များတွင် မိုးရေစီးဆင်းရန် ရေလမ်း ကြောင်းများ ပျက်စီးသဖြင့် မြေနိမ့်သည့်နေရာများ၊ လမ်းများနှင့် ရှေးဟောင်း အဆောက် အအုံများ အတွင်းသို့ ရေများ ဝင်ရောက်၍ ရေကြီးရေလျှံ၊ ရေဝပ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ပြီးနောက် နိုင်ငံတော်အကြီးအကဲ၏ မေလ ၁၅ ရက်မှ ၁၆ ရက် အထိ ပုဂံဒေသခရီးစဉ်အတွင်း “ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ရေကြီးရေလျှံမှု များ ထပ်မံမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ စသည့် ဌာနများပါဝင်သောအဖွဲ့ကို ဖွဲ့စည်း၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်” လမ်းညွှန် မှာကြားခဲ့သည်။

ယခုနှစ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ရေကန်များ၊ ရှေးခေတ် ရေလမ်း ကြောင်းများကို မြေပြင်ကွင်းဆင်းသုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကောင်းကင်မှတ်တမ်းများ (Aerial Photo) ၊ Drone) မှတ်တမ်းဓာတ်ပုံများဖြင့် တိုက်ဆိုင် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ရေကန် ၁၀၆ ကန်ကို အသေးစိတ်မှတ်တမ်း (Detail Assessment Survey) တင်နိုင်ခဲ့သည်။ ကွင်းဆင်း ကောက်ယူရရှိသည့် စာရင်းအရ ၁၀ ဧကနှင့်အထက် ရေကန် ၅ ကန်၊ ၁၀ ဧကနှင့် ၅ ဧက ကြားရှိ ရေကန် ၆ ကန်နှင့် ၅ ဧကအောက် ရေကန် ၉၅ ကန်တို့ဖြစ်သည်။

ရှေးခေတ်ရေကန်များ၊ ရေလမ်းကြောင်းများ၊ ရေလာရိုးများ ပြန်လည်ဖော်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သည့်အခါ အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင် ပညာရှင် Prof;Dr.Massimo Sarti ၏ အကြံပြုချက်များနှင့်အညီ ယဉ်ကျေးမှု အမွေအနှစ်ကို လည်းကောင်း၊ ပတ်ဝန်းကျင် သဘာဝအမွေအနှစ်ကိုလည်းကောင်း၊ မြေဆီလွှာကိုလည်းကောင်း မထိခိုက်စေဘဲ ကမ္ဘာ့အမွေအနှစ်ဒေသများ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ယဉ်ကျေးမှု အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက် (Heritage Impact Assessment, HIA) ဆောင်ရွက်ခြင်း၊ မူလရေကန်၏ စစ်မှန်မှု၊ သွင်ပြင်လက္ခဏာ (Authenticity and Integrity) မပျက်မယွင်းစေခြင်း၊ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများကို ထိခိုက်မှုမရှိစေခြင်း၊ သမိုင်းတန်ဖိုး၊ ရှေးဟောင်းသုတေသန တန်ဖိုးမပျောက်ပျက်စေခြင်း၊ မြေလွှာ ဆန်းစစ်ချက် ဆောင်ရွက် ခြင်း၊ ရေထိန်းနိုင်သော မြေလွှာထိခိုက်မှု ရှိ၊ မရှိ စမ်းသပ်တူးဖော်ခြင်း (Test Pit Excavation) ဆောင်ရွက် သွားရမည်ဖြစ်သည်။

ရှေးခေတ်ရေလမ်းကြောင်းများ၊ ရေကန်များကို ပြန်လည်ဖော်ထုတ်ရာတွင် အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr. Massimo Sarti ၏ အကြံပြု ချက်များအနက် ပုဂံဒေသအတွက် ရေတွင်း၊ ရေကန်၊ ချောင်း၊ အင်း စသည်တို့နှင့် ပတ်သက်၍ အသုံးချမှု အလိုက် အဆင့် Grading (Identified) ခွဲခြားရန်၊ အသေးစိတ် လေ့လာဆန်းစစ်မှု (Detail Assessment) ထပ်မံပြုလုပ်ရန်၊ လေ့လာဆန်းစစ်မှုပြုလုပ်ရာတွင် ရေဝင်၊ ရေထွက်လမ်းကြောင်း များပါသော မြေပုံရေးဆွဲခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသနှင့် ကြားခံဒေသတို့အတွင်းရှိ သဘာဝ ရေကန်၊ ဆည်၊ ချောင်းများ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းခြင်း၊ ပုဂံဒေသ၏  မြေမျက်နှာသွင်ပြင် အနေအထားကို ဖော်ပြသည့် Topographic Map (0.25 Meter Interval) ရေးဆွဲခြင်း လုပ်ငန်းများကို ဦးစားပေးအပိုင်းလိုက် တိုင်းတာပြုစုရန် စသည့်အကြံပြုချက်များကို ရေကြီးရေလျှံ ဖြစ်ပွားခဲ့သည့် နေရာများ၊ ဘုရားများတွင် ဦးစားပေးအလိုက် ခွဲခြားဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်ကိုလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ကို လည်း ကောင်း၊ မြေဆီလွှာကိုလည်းကောင်း မထိခိုက်စေဘဲကမ္ဘာ့အမွေအနှစ်ဒေသများတွင်  လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ ယဉ်ကျေးမှုအမွေအနှစ် ထိခိုက်နိုင်မှု ဆန်းစစ်ချက် (Heritage Impact Assessment, HIA) လုပ်ငန်းကိုလည်း ညွှန်ကြားရေးမှူးအဆင့် ဦးဆောင်သော အဖွဲ့လေးဖွဲ့ခွဲ၍လည်း ဆောင်ရွက်လျက်ရှိသည်။ မူလရေကန်၏ စစ်မှန်မှု၊ သွင်ပြင် လက္ခဏာ (Authenticity and Integrity) မပျက်ယွင်းစေခြင်း၊ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများကို မပျောက်ပျက်စေခြင်း၊ မြေလွှာဆန်းစစ် ဆောင်ရွက်ခြင်း၊ ရေထိန်းနိုင်သော မြေလွှာထိခိုက်မှု ရှိ၊ မရှိ စမ်းသပ်တူးဖော်ခြင်း (Test Pit)တို့ လည်း တစ်ပါတည်း ဆောင်ရွက် လျက်ရှိ သည်။

ထိုသို့ စနစ်တကျ ရှေးခေတ်ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ခြင်း(ကန်ဆယ်ခြင်း)ကြောင့် ပုဂံဒေသတွင် ရှေးဟောင်းအဆောက်အအုံများအနီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်း၊ ဘုရားတံတိုင်း အတွင်း ရေဝင်ရောက်မှုများကိုလည်း လျှော့ချစေနိုင်မည်ဖြစ်ပေသည်။ ဤကဲ့သို့ ပြန်လည်ဖော်ထုတ်ရာ တွင် ဌာနတစ်ခုတည်းက ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြည်တွင်း၊ ပြည်ပက ပညာရှင်များ၏ အကြံဉာဏ်ရယူ၍ နားလည်တတ်ကျွမ်းသည့် ဌာနများ၊ ဒေသခံများ၊ ဆက်စပ်ဌာနများ ပူးပေါင်း ဆောင်ရွက်လျက်ရှိပေသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်တာဝန်ရှိသူများသည် Hydrological Expert Prof; Dr. Massimo Sarti နှင့် ရန်ကုန်မြို့တွင် မတ်လ ၉ ရက်က ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးတွေ့ဆုံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ပညာရှင်၏ ရေလမ်းကြောင်းဆိုင်ရာ အကြံပြုချက်များနှင့်အညီ အမွေအနှစ်ထိခိုက်မှုမရှိစေဘဲ ရေလမ်းကြောင်းများပြန်လည်ဖော်ထုတ်ခြင်း၊ ကန်ဆယ်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ပုဂံဒေသသို့ သွားရောက်၍ အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Prof; Dr. Massimo Sarti နှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနပညာဌာန(ရန်ကုန်)နှင့် ညောင်ဦးခရိုင် အဆင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် မတ်လ ၁၄ ရက်က နည်းပညာပိုင်း ဆိုင်ရာ ဆွေးနွေးခဲ့ကြပြီး ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဤကဲ့သို့ ရှေးဟောင်းရေကန်များကို ပြန်လည်ဖော်ထုတ်ခြင်းဖြင့် ရေစီးရေလာကောင်းမွန်လာခြင်း၊ ရေကြီးသည့်အခါများတွင် ရှေးဟောင်းအဆောက်အအုံများတွင် ရေကြီးရေလျှံမှုလျော့နည်း၍ ထိခိုက် ပျက်စီးမှုကိုကာကွယ်နိုင်ခြင်း၊ ကျေးငှက်၊ တိရစ္ဆာန်နှင့် လူတို့ သောက်ရေ၊ သုံးရေပိုမိုရရှိလာပြီး ဒေသ၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကိုလည်း ပိုမိုကောင်းမွန်လာစေပြီး ပူပြင်းသည့်ဒေသ၏ ရာသီ ဥတုဒဏ်၊ ရေရှားပါးပြတ်လပ်သည့် သဘာဝဘေးဒဏ်များကိုလည်း တစ်ဖက်တစ်လမ်းမှလျှော့ချ၍ အထောက်အကူလည်း ဖြစ်စေနိုင်သည်။

ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သည်နှင့်အညီ အမွေအနှစ်များဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း များ ဆောင်ရွက်သည့်အခါ ကမ္ဘာ့အမွေအနှစ် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရသည်။ ရှေးဟောင်း ရေကန်များနှင့် ရှေးခေတ်ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်သည့်အခါ တစ်ဦးတစ်ယောက် တည်း၊ တစ်ဌာနတည်းက ဆောင်ရွက်၍မရပါ။ ယခုကဲ့သို့ ပုဂံဒေသ၏ အမွေအနှစ်များဖြစ်သည့် ရှေးဟောင်းရေကန်များ ပြန်လည်ဖော်ထုတ်သည့်အခါ ပြည်တွင်း၊ ပြည်ပမှပညာရှင်များနှင့်ပူးပေါင်းခြင်း၊ ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားရမည်ဖြစ်သည်။ အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Dr. Massimo Sarti  သည် မတ်လ ၁၀ ရက်မှ ၁၅ ရက်ထိ ပုဂံဒေသသို့လာရောက်၍ ရေလမ်းကြောင်း တူးဖော်ထိန်းသိမ်းခြင်း၊ ရေကန်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ကွင်းဆင်းအကြံပြုသည်။ ၎င်းပညာရှင်နှင့် နည်းပညာ ပိုင်းဆိုင်ရာဆွေးနွေးခြင်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန ပညာဌာန(ရန်ကုန်)၊ ညောင်ဦး ခရိုင်အဆင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် မတ်လ ၁၄ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ရှေးဟောင်းရေကန်များ ပြန်လည်ဖော်ထုတ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို မြေလွှာစမ်းသပ် သုတေသနပြုခြင်း (Test Pit)၊ ယဉ်ကျေးမှု အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက် (Heritage Impact Assessment, HIA)၊ မြေပြင်အနေအထားပြမြေပုံ (Topographic Map)၊ ဘူမိဗေဒနှင့် ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာနမှ ပုဂံဒေသတစ်ခုလုံးအတွက် ဘူမိဗေဒမြေပုံ၊  အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု  ကျွမ်းကျင်ပညာရှင် Prof; Dr. Massimo Sarti ၏ အကြံပြုချက် များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

ရေကန်များ ပြန်လည်ဖော်ထုတ် ပြုပြင်ထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ ယဉ်ကျေးမှု အမွေအနှစ် ထိခိုက်နိုင်မှု ဆန်းစစ်ချက် (Heritage Impact Assessment, HIA) လုပ်ငန်းကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးလေးဦးက ဦးဆောင်၍ အဖွဲ့လေးဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ထို့ပြင် ရေကန်များတူးဖော်ပြုပြင်ခြင်း မဆောင်ရွက်မီ မြေလွှာ စမ်းသပ် သုတေသန (Test pit) ပြုလုပ်၍ ရေထိန်းသိမ်းနိုင်သည့် သဘာဝရေနေအလွှာထိခိုက်မှု မရှိစေရေး ကြိုတင်သုတေသနလုပ်ငန်း ဆောင်ရွက်သည်။ ရေဝင်လမ်းကြောင်းနှင့်ရေကန်၏ မြေမျက် နှာသွင်ပြင် အနေအထားသိရှိနိုင်ရန်အတွက် မြေပြင်အနေအထားပြမြေပုံ (Topographic Map) ရေးဆွဲဆောင် ရွက်ပြီးမှသာ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် အလံပုဂံကန်(အလံပြကန်)၊ အလယ်ကန်(မရိုးကန်)နှင့် ညောင်လက်ဖက်ကန် (ညွန်လက် တစ်ဖက်ကန်)တို့ကို ကန်ပေါင်မြှင့်တင်ခြင်း၊ ရေပိုလွှဲတည်ဆောက်ခြင်းနှင့် ရေခေါ်မြောင်း ပြန်လည်ဖော်ထုတ်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက  အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

ဆုတောင်းပြည့်ရေစုကန်၊ ဇီးပင်ကန်နှင့် သဲစစ်ကန်(မင်းနန်သူ) တို့တွင် ကန်ဆယ်ခြင်း၊ ကန်အတွင်းရှိ အမှိုက်သရိုက်များရှင်းလင်းခြင်း၊ ကန်ပေါင်မြှင့်တင်ခြင်းနှင့် ရေခေါ်လမ်းကြောင်းများ၊ ရေလာရိုးများနှင့် ချိတ်ဆက်ခြင်း၊ Topographic Map ရေးဆွဲခြင်း လုပ်ငန်းများကိုလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍  နယ်စပ်ရေးရာဝန်ကြီးဌာနက ဖျောက်ဆိပ်ပင်ကန် ၁၊ ၂၊ ၃၊ ဖိုးသူတော်ကန် (စူဠာမဏိ ကန်)နှင့် မြောက်တဝက်ကန်တို့ကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက မနူကန်၊ မရွဲကန်၊ ငှက်ပစ်တောင်ကန်၊ တောင်ကျောင်းကန် (တောရကျောင်းကန်)၊ ကန်သစ်ကန် (ပြာသာဒ်ကန်)နှင့် မြေဘုံသာဘုရားလှကန် တို့ကို လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက ဝက်ကြီး အင်းကန်၊ ချိုးကန်၊ မင်္ဂလာကန် ၁၊ ၂၊ တာမဏီကန် ၁၊ ၂ တို့ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ရွှေနန်းရင်တော ၁ (ထိန်ကန်)၊ ၂ နှင့် ၃ တို့ကိုလည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ပုဂ္ဂလိကအလှူရှင်များ၏ အလှူငွေများဖြင့် ဆုတောင်းပြည့်ရေစုကန်၊ ဇီးပင်ကန်နှင့် သဲစစ်ကန် (မင်းနန်သူ)တို့နှင့် အလှူရှင်များက ရေကန်များ ပြန်လည်ဖောက်ထုတ်ခြင်း(ကန်ဆယ်ခြင်း)၊ ရေခေါ်လမ်းကြောင်းများနှင့် ရေကန်များ ချိတ်ဆက်ပေးခြင်း၊ ရေဝင်ရိုးများ ပြန်လည်ဖော်ထုတ်ခြင်း၊ Topographic Map ရေးဆွဲခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ပုဂံဒေသ၏ မြို့ပြယဉ်ကျေးမှု အထွန်းကားဆုံးအချိန်၊ နည်းပညာအမြင့်မားဆုံး အချိန်ကာလတွင် နည်းလမ်းမျိုးစုံဖြင့် ရေကိုစနစ်ကျစွာ စီမံခန့်ခွဲခဲ့ကြသည်ကို ရှေးခေတ်ရေလမ်းကြောင်းနှင့် ရေကန်များ က သက်သေပြလျက်ရှိသည်။ ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသ၏ ရှေးခေတ်ရေ အရင်းအမြစ်ဆိုင်ရာ အထောက်အထားများအား ရှာဖွေဖော်ထုတ် သုတေသနပြုထိန်းသိမ်းခြင်းဖြင့် ကမ္ဘာ့အမွေအနှစ် ကော်မတီနှင့် ICOMOS တို့၏အကြံပြုချက်များ လိုက်နာဆောင်ရွက်ခြင်းဖြစ်သည့်အပြင် ယဉ်ကျေးမှု အမွေအနှစ်များနှင့်ရှေးခေတ်ရေကန်များ၏ သဘာဝရှုခင်းအလှ တို့ဖြင့်ချိတ်ဆက်၍ ပုဂံဒေသအတွက် ခရီးစဉ်အသစ်များဖော်ဆောင်၍ ပုဂံခေတ်ဗိသုကာအနုလက်ရာများ၊ နံရံဆေးရေးပန်းချီများ၊ အင်္ဂတေ ပန်းများ၊ စေတီ၊ ပုထိုးများသာမက ရေစီမံခန့်ခွဲမှုဆိုင်ရာ သဘာဝအလှအပရှုခင်းများကို လာရောက် ခံစားလေ့လာကြပါဟု ဖိတ်ခေါ်လိုက်ရပါသည်။ ။

ဒေါက်တာအိရွှေစင်မြင့်(ပုဂံ)