“ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄) ခုနှစ်” အခမ်းအနား ကျင်းပ

 

“ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄) ခုနှစ်”  အခမ်းအနား ကျင်းပ

 

နေပြည်တော်   ဧပြီ   ၂၅

“ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်” (World Immunization Week) အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန   ရုံးအမှတ် (၄) Meeting Hall ၌ ကျင်းပသည်။   

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ    ကိုယ်စားလှယ်၊ တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀) တပ်မှူး၊ ကျန်းမာရေးနှင့် ရောဂါနှိမ်နင်းရေးတပ် တပ်မှူး၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဗဟို အဆင့်ဆေးရုံအုပ်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ   တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းတာဝန်ခံများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အခြားတာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံ အသီးသီးတွင် နှစ်စဉ်ဧပြီလ နောက်ဆုံး ရက်သတ္တပတ်ကို   ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ် သတ် မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ် ၂၀၂၄ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနားသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အနေဖြင့် ကာကွယ်ဆေးထိုး လုပ်ငန်းစတင်ခဲ့သည့် နှစ် (၅၀)မြောက် နှစ်ပတ်လည်ဖြစ်ကြောင်း။

ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ်၏ ဆောင်ပုဒ်မှာ “]]Humanly Possible: Saving lives through immunization” ဖြစ်ပြီး မြန်မာဘာသာဖြင့် “ကလေးများ အနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဖြစ်ပြီး  ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသောရောဂါများကြောင့် သေဆုံးမှုကိုလျှော့ချပြီး ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းဖြင့် ကလေးများ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း။

ကမ္ဘာတစ်ဝန်းလုံးတွင် ဝက်သက်ကာကွယ်ဆေး တစ်မျိုးတည်းအနေဖြင့်   ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း သေဆုံးမှုပေါင်း ၂၃ သန်းခန့်ကို ဟန့်တားကာကွယ်ပေးနိုင်ခဲ့ကြောင်း၊ ဝက်သက်ရောဂါကာကွယ်ဆေး ထိုးနှံခြင်းအတွက်  အမေရိကန်တစ်ဒေါ်လာ အသုံးပြုတိုင်း  ဝက်သက်ရောဂါ ဖြစ်ပွားမှုကြောင့် ကုသရာတွင် ကုန်ကျနိုင်သည့် စရိတ် ၇၆ ဒသမ ၅ ဒေါ်လာကို လျှော့ချနိုင်သည့် (Return of Investment)ရှိကြောင်း၊  ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးပေးခြင်းဖြင့် ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသော ရောဂါပေါင်း ၂၀ ကျော်ကို ကာကွယ် ဟန့်တားနိုင်ကြောင်း၊ ပုံမှန်ကာကွယ်ဆေး ထိုးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့်   ကမ္ဘာ့ပြည်သူသန်းပေါင်း ၂၄ သန်းခန့်ကို ဆင်းရဲမွဲတေမှုမှ ကာကွယ်ပေးနိုင်ခဲ့ကြောင်း။

ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ယခုနှစ်   ကမ္ဘာ့ကာကွယ်ဆေး  ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် ဧပြီလ၂၄ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော် ကောင်စီနယ်မြေနှင့်  တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်များတွင် ရောဂါ ၁၃ မျိုးကို ကာကွယ်နိုင်သော ကာကွယ်ဆေးများ အသုံးပြု၍  သတ်မှတ်အသက်အရွယ်အတွင်းရှိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ နှစ်ဦးပိုင်းက စတင်၍  ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်နှင့် အမီလိုက်ကာကွယ်ဆေးထိုး  အစီအစဉ်များ ချမှတ်၍ လုပ်ငန်းများကို ပြန်လည်အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ  ကာကွယ်ဆေး လွှမ်းခြုံမှုအနေဖြင့် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၂၃ ခုနှစ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုနှစ်ဆကျော်ခန့် ပြန်လည်တိုးတက် လာခဲ့ပြီဖြစ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာလမတိုင်မီက ရရှိခဲ့သည့်  ကာကွယ်ဆေးထိုး လွှမ်းခြုံမှုများ ပြန်လည်ရရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံးအမီလိုက် ကာကွယ်ဆေးထိုးနှံခြင်း လှုပ်ရှားဆောင်ရွက်မှု အနေဖြင့် အသက်၅ နှစ်အောက် ကလေးများကို သတ်မှတ်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရန် စီစဉ်လျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုး လုပ်ငန်းအပါအဝင်   ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ယခုထက်ပိုမို တိုးတက်စေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း။

နိုင်ငံတော်မှ နှစ်စဉ်ဝယ်ယူ ပံ့ပိုးပေးလျက်ရှိသော ကာကွယ်ဆေးများ   အသုံးပြု၍ ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့် အသက်အရွယ်အလိုက် အကြိမ်ပြည့် ထိုးနှံတိုက်ကျွေးမှုခံယူခြင်းဖြင့် မိမိတို့၏ ရင်သွေးငယ်များကို ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသောရောဂါများကို  ကာကွယ်နိုင်ကြောင်းသိရှိပြီး ထိုးနှံတိုက်ကျွေးပေးရန်  တိုက်တွန်းလိုကြောင်း၊ ထိုသို့ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အဆိုပါရောဂါများ ကပ်အသွင်ဖြစ်ပွားမှု မရှိစေရေးအတွက် ကာကွယ်တားဆီးနိုင်မည် ဖြစ်ကြောင်း ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့်ကလေးငယ်များ တစ်ဦးတစ်ယောက် မကျန်ထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက်  ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊  ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းဌာနခွဲမှ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် ကာကွယ်ဆေးထိုး လုပ်ငန်းများနှင့် ပတ်သက်သော  မှတ်တမ်းဗီဒီယိုကို ပြသသည်။

ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်   နေပြည်တော် ကောင်စီဥက္ကဋ္ဌတို့ ဦးဆောင်သော တာဝန်ရှိပုဂ္ဂိုလ်များသည် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး   ရက်သတ္တပတ်အနေဖြင့် ဒက္ခိဏသီရိမြို့နယ် ရွှေသဲဖြူကျောင်းတိုက်တွင် အနယ်နယ်အရပ်ရပ်မှ  ပြောင်းရွှေ့ ရောက်ရှိနေထိုင်လျက် ရှိသော ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသော အသက် ၁၅ နှစ်အောက် ကိုရင်၊ သီလရှင်နှင့် ကလေးငယ်များ    ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း (Special Immunization Activities)ကို ကြည့်ရှုအားပေး၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ၊ ကျောင်းထိုင်ဆရာတော်နှင့်    သံဃာတော်များအား ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးတို့က  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ဇေယျာသီရိမြို့နယ် စည်ပင်သာယာ ကျေးလက်ကျန်းမာရေး ဌာနသို့ ဆက်လက်သွားရောက်ပြီး  အသက် ၅ နှစ်အောက် ကလေးများကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအား ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ကြည့်ရှုအားပေး၍ ကလေးငယ်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။