ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇ )ရှိ နဝင်းချောင်းတံတား တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းနှင့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ Naypyitaw State Academy (NSA) တည်ဆောက်ရေး လုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ကြည့်ရှု

 

ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇ )ရှိ  နဝင်းချောင်းတံတား တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းနှင့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ Naypyitaw  State  Academy  (NSA)  တည်ဆောက်ရေး လုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဧပြီ ၂၅

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အဆောက်အဦ ဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ  ယနေ့တွင် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၂၄၅/၇)တွင် တည်ဆောက်နေသည့် နဝင်းချောင်းတံတား အရှည်ပေ ၁၉၀ အား မူလ နှစ်လမ်းသွားတံတားမှ လေးလမ်းသွားတံတား အဖြစ် အဆင့်မြှင့်တင် တည်ဆောက်နေသည့်  လုပ်ငန်းခွင်သို့ရောက်ရှိစစ်ဆေးရာ လုပ်ငန်းခွင်ရှင်းလင်းဆောင်၌ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေက  တံတားတိုးချဲ့ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီးက တံတားတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်   ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ချောင်းရေတိုက်စားမှု မဖြစ်စေရေးနှင့် ရေလမ်းကြောင်းမှန်ကန်စေရေး တွက်ချက်ဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်စံညွှန်းများ အတိုင်း  အရည်အသွေး ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ မိုးတွင်းကာလရောက်တော့မည်ဖြစ်၍  တံတားတိုင်လုပ်ငန်းများနှင့် မြေကာနံရံ လုပ်ငန်းများ  သတ်မှတ်အချိန်မီ ပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းခွင်သုံး စက်ယန္တရားများ   စနစ်တကျသုံးစွဲစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက်ရန်တို့ကို မှာကြားပြီး လုပ်ငန်းခွင်အတွင်း   လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်း အဆောက်အဦဦးစီးဌာန၊  အဆောက်အဦ အထူးအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသည့် Naypyitaw State Academy ရှိ လေးထပ် စာသင်ဆောင်နှင့် ခြောက်ထပ်စာသင်ဆောင်များ ဆောင်ရွက်ပြီးစီးမှုအား လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကိုလုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘွဲ့နှင်းသဘင်ခန်းမ ( Convo-cation Hall) တည်ဆောက်မည့်နေရာနှင့် Naypyitaw State Academy ပင်မဆောင်အရှေ့ မြေကွက်လပ်တွင်  အပန်းဖြေဥယျာဉ်ငယ်  (Recreation   Park)  ပြုလုပ်မည့် နေရာတို့တွင် မြေနေရာရှင်းလင်းခြင်း ဆောင်ရွက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် လျာထားစီမံချက်များနှင့် ဒီဇိုင်းပုံစံများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက Recreation Parkုအား ဒီဇိုင်းရေးဆွဲရာ၌  တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ သပ်ရပ်လှပရန်နှင့် အမြင်တင့်တယ်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊   တက္ကသိုလ်တက်ရောက်သည့် ကျောင်းသား၊  ကျောင်းသူများ အဆင့်တန်းရှိရှိ  နားနေအပန်းဖြေနိုင်မည့်  ဒီဇိုင်းပုံစံဖြစ်ရန်    အရေးကြီးပါကြောင်း၊ တက္ကသိုလ်နှင့် လိုက်လျောညီထွေဖြစ်မည့် စိန်ပန်း၊ ပိတောက်၊ ခရေ၊ ကံ့ကော်တို့ဖြင့် လှပဝေဆာစေရေး စနစ်တကျပုံစံရေးဆွဲရန် တို့ကို တာဝန်ရှိသူအား မှာကြားခဲ့ကြောင်း သိရသည်။