လူရည်ချွန်မှသည် အနာဂတ်တိုင်းပြည်ဆီသို့

လူရည်ချွန်မှသည် အနာဂတ်တိုင်းပြည်ဆီသို့

နိုင်ငံတော်၏  လူမှုရေးဦးတည်ချက် တတိယအချက်တွင် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်  ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော  လူငယ်များ ဖြစ်စေရန်   လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဟူ၍ ချမှတ်ထားရှိပြီး လူငယ်ပြုစုပျိုးထောင်ရေး လုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေးကဏ္ဍ နှစ်ရပ်စလုံးအတွက် ဗလ ငါးတန်တည်းဟူသော ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလတို့နှင့်  ပြည့်စုံသော လူငယ်များ    ပြုစုပျိုးထောင်ရေးကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး လူရည်ချွန်စီမံကိန်းသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။

လူရည်ချွန်စီမံကိန်းကို ၁၉၆၄ ခုနှစ်က စတင်အကောင်အထည်ဖော်ဆောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ နှစ်စဉ် ဆက်တိုက်အကောင်အထည်ဖော်ဆောင်ခဲ့သည်။ ၁၉၈၉ ခုနှစ်မှစ၍ ယာယီရပ်နားထားခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင်  “လူရည်ချွန်” အမည်အစား  “ဘက်စုံပညာထူးချွန်လူငယ်”  စီမံကိန်းအဖြစ် ဆက်လက် ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် “လူရည်ချွန်” အမည်ဖြင့် ပြန်လည်သုံးနှုန်း အကောင်အထည် ဖော်ခဲ့ကြပါသည်။ သို့ရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပျံ့နှံ့မှုအရခေတ္တရပ်နားခဲ့ရပြန်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပြန်လည်အကောင်အထည်ဖော်နိုင်ခဲ့သည်။

လူရည်ချွန်တစ်ဦးဖြစ်ရန်မှာ လွယ်ကူလှသည်တော့မဟုတ်ကြောင်း ကိုယ်တိုင်ဖြတ်သန်းခဲ့သော အတွေ့ အကြုံများအရ သိရှိခဲ့ရသည်။ စီးပွားရေးတက္ကသိုလ်တွင် မိမိအနေဖြင့် စာရင်းအင်းပညာ ဘာသာရပ် များကိုကြိုးစားသင်ယူရင်း စာကြိုးစားမှုရဲ့ရလဒ်အဖြစ် စတုတ္ထနှစ် လူရည်ချွန်ရွေးချယ်ရာတွင်   ဝင်ရောက် ဖြေခွင့်ရခဲ့သည်။ မြောက်မြားလှသော အထွေထွေဗဟုသုတ မေးခွန်းများကို စုစုပေါင်း ၁၂ ဦးတိတိ ရေးဖြေပါဝင်ယှဉ်ပြိုင်ကြရင်း ပထမအကြိမ်လူတွေ့စစ်မေးမှုအပြီး ဆန်ခါတင် သုံးဦးတွင် ပါဝင်ခဲ့ရသည်။ လူရည်ချွန်ဟူသည် စာတော်ရုံမျှမက ဉာဏဗလအနေဖြင့် ဉာဏ်ပညာစွမ်းအား  ဗဟုသုတနှံ့စပ်ကျွမ်းကျင်ရန်လည်းလိုအပ်ကြောင်း မှတ်သားခဲ့ရသည်။ ကာယဗလကြံ့ခိုင်မှုအနေဖြင့် အပြေး(တာတို/တာလတ်)၊ အလျားခုန်၊ အိပ်ထမတင်၊ ဒိုက်ထိုး၊ ခါးရှေ့ကုန်းထိ စသည်ဖြင့် အမယ်မျိုးစုံပါဝင်ယှဉ်ပြိုင်ရင်း ဒုတိယအကြိမ် လူတွေ့စစ်မေးမှု ခံယူခဲ့ရသည်။ ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ခုဖြစ်သော အ-သုံးလုံးလုပ်အားပေးတွင် ပါဝင်ခဲ့မှုနှင့် နွေရာသီလုပ်အားပေး လုပ်ငန်းများ တွင် ပါဝင်ခဲ့မှုများကလည်း မိတ္တဗလဖြစ်သော မိတ်ဆွေခင်ပွန်းများ ဖွဲ့စည်းနိုင်မှုစွမ်းအား ချဲ့ထွင် နိုင်မှုအပြင် လူရည်ချွန်ဖြစ်လာရေးကို အထောက်အကူပြုခဲ့သည်။ စိတ်ဓာတ်ပြင်းပြမှုနှင့်အတူ ကြိုးစားမှု အရ အမိစီးပွားရေးတက္ကသိုလ်၏ စတုတ္ထနှစ် လူရည်ချွန်အဖြစ်အရွေးချယ်ခံခဲ့ရပြီး ငပလီရွှေဝါချိုင်သို့ ၁၉၈၂ ခုနှစ်တွင် အပန်းဖြေ ရောက်ခဲ့ရသည်။ တက္ကသိုလ်အသီးသီးမှ ပါဝင်လာကြသူများနှင့် မိတ်ဆွေ ဖွဲ့ရင်း ဗဟုသုတရစရာ၊ မှတ်သားစရာ၊ လေ့လာသင်ယူမှုများနှင့်အတူ အတိတ်ကာလတစ်ခု၏ မြန်မာ နှစ်ကူးလတန်ခူးတွင် ပျော်ရွှင်ခဲ့ရသည်။

မြန်မာနှစ်ကူးလတန်ခူးသည် နှစ်ဟောင်းကို စွန့်ခွာ၍ နှစ်သစ်၏ပထမလဖြစ်သည်နှင့်အညီ အတိတ်ကို ရှုမြင်သုံးသပ်ရင်း အနာဂတ်အတွက်ရည်မျှော်လို့ ပစ္စုပ္ပန်ကို အကောင်းဆုံးဖြစ်အောင် အကောင်အထည် ဖော်ကြရပေမည်။ အနာဂတ်တိုင်းပြည်ကို အကောင်းဆုံးပုံဖော်ထုဆစ်မည့် ယနေ့လူငယ် နောင်ဝယ် လူကြီးဖြစ်မည့်သူများအတွက် လက်ဆင့်ကမ်းပေးရမည့်နေရာ မိမိရောက်ခဲ့ပြီ။ ဧပြီလ ၂၆ ရက်(ယနေ့) တွင် စတင်မည့် ၂၀၂၄ ခုနှစ် လူရည်ချွန်စီမံကိန်းအတွက် တတ်စွမ်းသမျှပါဝင်ဆောင်ရွက်ရပေမည်။ ၂၀၂၄ ခုနှစ်အတွက် စုပေါင်းစခန်းသည် နေပြည်တော်ဖြစ်၍ နယ်စခန်းများမှာ ပုဂံလူရည်ချွန်စခန်း၊  တောင်ကြီး လူရည်ချွန်စခန်း၊ ငွေဆောင်လူရည်ချွန်စခန်းနှင့် ချောင်းသာလူရည်ချွန်စခန်းတို့ ဖြစ်ကြသည်။ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်အရ စုပေါင်းစခန်းဖြစ်သော နေပြည်တော်ဖွင့်ပွဲတွင် လူရည်ချွန်များ အတွက် ဗဟုသုတရစရာ၊ ဂုဏ်ယူအားကြစရာပြခန်းပြကွက်များဖြင့် ပါဝင်ပြသကြမည် ဖြစ်သည်။ 

ပညာရေးတွင် အခြေခံနှင့် အဆင့်မြင့်ဟူသော ကဏ္ဍနှစ်ရပ်စလုံးအတွက် လူရည်ချွန်များ မွေးထုတ်ပေး ခဲ့ရာတွင် အချို့သောလူရည်ချွန်များမှာ အခြေခံတွင်လူရည်ချွန်ဖြစ်ခဲ့ကြသလို အဆင့်မြင့်ပညာအထိ လည်း ဆက်လက်ရွေးချယ်ခံခဲ့ရသည်။ ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ကဏ္ဍနှစ်ရပ်တွင် အရွေးချယ် ခံရသည့်လူရည်ချွန်အရေအတွက်ကို ကျား-မအလိုက် ပုံ(၁)တွင် တွေ့မြင်နိုင်သည်။

အဆိုပါ နှစ်များအတွင်း တစ်ကြိမ်ထက်မကရရှိသူများနှင့်  နှစ်စဉ်ဆက်တိုက် (ထပ်ကွမ်း) လူရည်ချွန် များအပါအဝင် နှစ်အလိုက်ရရှိခဲ့သည့် လူရည်ချွန်ဦးရေကို စုပေါင်းရေတွက်ပါက ၇၉၀၈ ဦးဖြစ်နေပြီး အမှန်တကယ်ရရှိသည့် လူရည်ချွန်အရေအတွက်မှာ ၅၁၆၈ ဦးဖြစ်သည်။ အခြေခံနှင့်အဆင့်မြင့်ကဏ္ဍ  နှစ်ရပ်စလုံးတွင် ရွေးချယ်ခံရသူလူရည်ချွန်အရေအတွက်မှာ ၂၂၆ ဦး (ကျား-၁၄၁ ဦးနှင့် မ-၈၅ ဦး)ရှိ၍ ၄  ဒသမ  ၃၇ ရာခိုင်နှုန်းဖြစ်သည်။ တစ်ကြိမ်ထက်မက အရွေးချယ်ခံရသည့် လူရည်ချွန်အရေအတွက်မှာ ၁၆၂၇ ဦး ဖြစ်၍ ၎င်းင်းတို့အနက် နှစ်စဉ်ဆက်တိုက် ထပ်ကွမ်းရရှိသူအရေအတွက်မှာ ၁၄၃၉ ဦး ဖြစ်ပြီး ၁၉၆၄-၈၈ ခုနှစ် လူရည်ချွန်ပေါင်း၏ ၂၇ ဒသမ ၈၄ ရာခိုင်နှုန်းရှိသည်။ အခြေခံနှင့် အဆင့်မြင့် ပညာကဏ္ဍအလိုက် ထပ်ကွမ်း  လူရည်ချွန်အရေအတွက်ကို နှစ်စဉ်ဆက်တိုက်(ထပ်ကွမ်း) အရေ အတွက် အလိုက် ပုံ(၂)တွင် တွေ့မြင်နိုင်သည်။

အနာဂတ်ရဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်အတွက် လူရည်ချွန်များကို မွေးထုတ် ပေးခဲ့သည်။ ပြီးခဲ့သည့်စီမံကိန်းကာလ ၁၉၆၄-၈၈ ခုနှစ်ကိုကြည့်လျှင် နှစ်ပေါင်း ၃၆ နှစ်မှ နှစ် ၆၀ တိုင်ခဲ့ပေပြီ။ အဆိုပါနှစ်များအတွင်း ရွေးချယ်ခြင်းခံခဲ့ရသည့် လူရည်ချွန်မောင်မယ်များသည်  အစိုးရ ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့၌ နယ်ပယ်မျိုးစုံ၊ ကဏ္ဍမျိုးစုံတို့၌ပါဝင်ရင်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျရာတာဝန်များကို ထမ်းဆောင်ခဲ့ကြသူများ ရှိခဲ့ကြသကဲ့သို့ ဗလငါးတန်ပြည့်စုံစွာ    တိုင်းပြည်နှင့် လူမျိုးအကျိုး၊ လူမှုအကျိုးတို့ကို ပံ့ပိုးဆောင်ရွက် လျက်ရှိသူများလည်း ပါဝင်သည်။     အစိုးရ ကဏ္ဍကိုကြည့်လျှင် လူရည်ချွန်ရရှိခဲ့သူများအနေဖြင့် နိုင်ငံတာဝန်များကိုထမ်းဆောင်ခဲ့ပြီး အငြိမ်းစား ယူခဲ့ပြီးသူများရှိသကဲ့သို့ တိုင်းပြည်တာဝန်ကို လက်ရှိထမ်းဆောင်လျက်ရှိသူများလည်း ရှိကြသည်။ ဝန်ကြီးဌာနအသီးသီးမှရနိုင်သမျှစုစည်းရရှိသော အချက်အလက်များအရ ညွှန်ကြားရေးမှူး/ ပါမောက္ခအဆင့်နှင့်အထက် တာဝန်ထမ်းသူအရေအတွက် စုစုပေါင်းမှာ ၂၆၁ ဦးထက်မနည်းရှိခဲ့ပြီး ဘာသာရပ်ဆိုင်ရာ၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ပညာရှင်များမှသည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ သမ္မတရာထူးများအထိ ပါဝင်ခဲ့ကြသည်။ ထိုကာလအတွင်း မွေးထုတ်ခဲ့သည် လူရည်ချွန်ဦးရေ၏  ၅ ဒသမ ၀၅ ရာခိုင်နှုန်းရှိသည်။ အစိုးရကဏ္ဍ၌ ညွှန်ကြားရေးမှူး/ပါမောက္ခအဆင့်နှင့်အထက် တာဝန် ထမ်းဆဲနှင့် တာဝန်ထမ်းခဲ့ကြသူ  အရေအတွက်ကို ပုံ(၃)တွင် တွေ့မြင်နိုင်သည်။   

ပထမစီမံကိန်းကာလဟု သတ်မှတ်နိုင်သော လူရည်ချွန်စီမံကိန်း ၁၉၆၄-၈၈ ခုနှစ်တွင် လူရည်ချွန်အဖြစ် အရွေးခံရသူများသည် တိုင်းပြည်၏ အနာဂတ်သာယာလှပစေရေး ကြိုးစားဆောင်ရွက်ကြသကဲ့သို့ ဒုတိယ စီမံကိန်းကာလဟု သတ်မှတ်နိုင်သော လူရည်ချွန်စီမံကိန်း ၂၀၁၃ ခုနှစ်နောက်ပိုင်းသည်လည်း ဗလငါးတန်အခြေပြုလျက် လုပ်ငန်းခွင်အသီးသီးသို့ ချင်းနင်းဝင်ရောက်လာခဲ့ကြပေပြီ။ ထပ်ကွမ်း လူရည်ချွန်များသည်လည်း များစွာပေါ်ပေါက်လာခဲ့သည်။ ပထမစီမံကိန်းကာလတွင် လူရည်ချွန် အရွေးချယ်ခံရသူ  မိမိသည်ပင်  ဒုတိယစီမံကိန်းကာလ လူငယ်ကဏ္ဍလေ့ကျင့်ပျိုးထောင်ရေး၏ လူရည်ချွန် စီမံကိန်းကို အောင်မြင်အောင် ပံ့ပိုးဆောင်ရွက်ရင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ လူရည်ချွန်အဟောင်းတို့၏နေရာတွင် လူရည်ချွန်အသစ်တို့   အစားထိုး ဝင်ရောက်ရင်း အနာဂတ်တိုင်းပြည်လှပစေရေးအတွက် ယနေ့လူရည်ချွန်များကလည်း ကြိုးပမ်း ဆောင်ရွက်ကြရပေဦးမည်ဖြစ်သည်ဟု ဖော်ပြလိုက်ရပါသည်။   ။              

ကိုးကား -  အမျိုးသားမှတ်တမ်းများ

မော်ကွန်းတိုက်၏ ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ နှစ်အလိုက် လူရည်ချွန်စာရင်းများ

ဒေါက်တာစိုးဝင်း

စာရင်းအင်းပညာ