MNL League Cup 2024 ပြိုင်ပွဲ အုပ်စု (A)အုပ်စုပွဲစဉ်များတွင် ရန်ကုန်ယူနိုက်တက် အသင်းက သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရ

 

MNL League Cup 2024 ပြိုင်ပွဲ အုပ်စု (A)အုပ်စုပွဲစဉ်များတွင် ရန်ကုန်ယူနိုက်တက် အသင်းက သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရ

 

ရန်ကုန်  ဧပြီ  ၂၅

    မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် MNL League Cup 2024ပြိုင်ပွဲကို မဟာသင်္ကြန်ကာလအတွင်း ရပ်နားထားရာမှ ယနေ့တွင် ပြန်လည် ကျင်းပကြောင်း သိရသည်။

MNL League Cup 2024 ပြိုင်ပွဲအုပ်စု(A)အုပ်စုပွဲစဉ်များအဖြစ် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ YUSC  အားကစားကွင်း၌ ရွှေပြည်သာ ယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက် အသင်းက သုံးဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး  ရန်ကုန်ယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၅မိနစ်တွင် ရန်နိုင်ဦး၊ ပွဲချိန် ၄၅ မိနစ်တွင် ဇင်ကိုထက်နှင့် ပွဲချိန် ၇၂မိနစ်တွင် ဉာဏ် လင်းထက်တို့က သွင်းယူပေးနိုင်ခဲ့သည်။

အလားတူ ညနေ ၄ နာရီက သုဝဏ္ဏ အားကစားကွင်းတွင် ကစားခဲ့သည့် မဟာ ယူနိုက်တက်အသင်းနှင့့်  University အသင်းတို့ပွဲစဉ်တွင် မဟာယူနိုက်တက် အသင်းက ငါးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မဟာယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၅ မိနစ်နှင့် ၅၆ မိနစ်တွင် အယ်လာအီဒူဘတ်၊ ပွဲချိန် ၇ မိနစ်တွင် ကျော်စွာမင်း၊ ပွဲချိန် ၄၄ မိနစ်တွင် အောင်လှိုင်ဝင်းနှင့် ပွဲချိန် ၇၆ မိနစ်တွင် ခန့်ဇင်ဟိန်းတို့က သွင်းယူပေးနိုင်ခဲ့ပြီး  University  အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃၆ မိနစ်တွင် မျိုးမြင့်အောင်နှင့် ပွဲချိန် ၇၇ မိနစ်တွင် အောင်မြင့်မြတ်တို့က သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(B)ပွဲစဉ်များကို လာမည့် ဧပြီလ ၂၆ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ပြီး ညနေ ၃ နာရီ ၄၅ မိနစ်တွင် ပဒုမ္မာအားကစားကွင်း၌ ရိန်းဘိုးအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ညနေ ၄ နာရီတွင် သုဝဏ္ဏအားကစားကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့် Glory Goal အသင်းတို့ ဆက်လက်ကစား သွားမည် ဖြစ်ကြောင်း သိရသည်။