ယုံမှတ်အပ်နှံမှုအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်း အစည်းအဝေးကျင်းပ
နေပြည်တော် ဧပြီ ၂၅
ယုံမှတ်အပ်နှံမှုအက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အတွက် အပြီးသတ်ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးမောင်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် တာဝန်ရှိသူများ၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာစန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးက The Trust Act (ယုံမှတ်အပ်နှံမှု အက်ဥပဒေ) သည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က စီမံခန့်ခွဲသည့် ဥပဒေ(၅၂)မျိုးတွင် ပါဝင်ပြီး FATF၏ အကြံပြုချက်အမှတ် (၂၅) အရ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ယုံမှတ်အပ်နှံမှု အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို ရေးဆွဲပြဋ္ဌာန်းလိုခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်က ယုံမှတ်အပ်နှံမှု အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို FATF ၏ Recommendation ၂၅ အရ လက်ရှိ အခြေအနေများနှင့် လိုက်လျောညီထွေမှု ရှိစေရေးအတွက် ပြဋ္ဌာန်းရန်လိုအပ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် အဆိုပါဥပဒေ(မူကြမ်း)ကို ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။