မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်ရုံများကို ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် ကြည့်ရှုစစ်ဆေး

 

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်ရုံများကို ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်  ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဧပြီ  ၂၅

    သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် စက်မှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်တို့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ရှိ အမှတ်(၇)   အထည်စက်ရုံ(မြစ်သား)သို့ ရောက်ရှိရာ  စက်ရုံရှင်းလင်းဆောင်၌ စက်ရုံမှူးက ၂/၈၀ ၊ ၁/၄၀၊ ၁/၂၁ နှင့် ၁/၇ ချည်များထုတ်လုပ်နေမှု၊ ၂/၈၀ ချည်များကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်  စမ်းသပ်ထုတ်လုပ်နိုင်မှု၊  ယခု ၂၀၂၄-၂၀၂၅   ဘဏ္ဍာနှစ်မှစတင်၍  စက်စွမ်းအားပြည့် လည်ပတ်ပြီး  ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရန် စီမံဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ်  ဒုတိယဝန်ကြီး ဦးမြင့်စိုးက ချည်မျှင်နှင့် အထည်ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ် နိုင်ရေး ဆောင်ရွက်ရန် မှာကြားပြီး ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က အရည်အသွေး ပြည့်မီသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး  အရည်အသွေးကောင်းမွန်သည့် ကုန်ကြမ်းများရရှိရန်၊ ထုတ်လုပ်သည့်စက်ပစ္စည်းများ ကောင်းမွန်ရန်နှင့် နိုင်ငံတော်၏ ရည်မှန်းချက် အောင်မြင်ရေး  ဝန်ထမ်းများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက်  ဒုတိယဝန်ကြီးများသည် စက်ရုံအတွင်း ချည်များထုတ်လုပ်နေသည့် လုပ်ငန်းစဉ်တို့ကို    ကြည့်ရှုစစ်ဆေးပြီး မီးငြှိမ်းသတ်ရေး အထောက်အကူပြု ပစ္စည်းများ  ပြည့်စုံအောင် ဖြည့်ဆည်းထားရန် မှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သည်။

မွန်းလွဲပိုင်းတွင်   စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့ရှိ အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)သို့ ရောက်ရှိပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ မှာယူထားသော ဆေးရုံသုံးခုတင်နှင့် ဆက်စပ်ပရိဘောဂပစ္စည်းများ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများကို အရည်အသွေးပြည့်မီစွာ  ထုတ်လုပ်ပြီး အချိန်မီပေးသွင်းနိုင်ရန်၊  အိမ်သုံးပစ္စည်း ကုန်ချောလက်ကျန်များ   ကုန်စင်အောင် ရောင်းချရန်၊ ပလတ်စတစ် ထုတ်ကုန်ပစ္စည်းများ၊ Steel အိမ်သုံးအမယ်သစ်များ တိုးမြှင့်ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနိုင်ရန်၊ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး စီမံဆောင်ရွက်ကြရန် မှာကြားပြီး Steel အိမ်သုံးပစ္စည်းများ ထုတ်လုပ်နေမှု၊ ဆေးရုံသုံးခုတင်များ၊ ဆေးရုံပရိဘောဂများ ထုတ်လုပ်နေမှုတို့ကို  ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။