(၅၃)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်း ဖိုရမ် ၂၀၂၄ ကျင်းပ

 

 (၅၃)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်း ဖိုရမ် ၂၀၂၄  ကျင်းပ

 

နေပြည်တော်  ဧပြီ  ၂၅

    (၅၃)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းအဝေး၊ မဟာမဲခေါင်ဒေသခွဲ  ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်း ဖိုရမ်-၂၀၂၄ တို့ကို ဧပြီလ ၂၃ ရက်မှ ၂၅ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် လီဂျန့်မြို့တွင်  အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ မဟာမဲခေါင်ဒေသခွဲ နိုင်ငံများမှ ခရီးသွား လုပ်ငန်းအာဏာပိုင် အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ မဲခေါင်ခရီးသွား လုပ်ငန်းညှိနှိုင်းရေးရုံးမှ အလုပ်အမှုဆောင် ဒါရိုက်တာ၊ ဒေသတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ အစိုးရပုဂ္ဂလိက ကိုယ်စားလှယ်များနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရှင်များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်၍ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းတို့မှ    တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းအဝေးနှင့် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့ အစည်းအဝေးများကို ဧပြီလ ၂၃ ရက်တွင် ကျင်းပရာ မဲခေါင်ခရီးသွား ဝက်(ဘ်)ဆိုက်တွင် အဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ လွှင့်တင်နေမှု၊ လူမှုကွန်ရက်များမှ တစ်ဆင့် ဒေသတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆောင်ရွက်နေမှု၊ မဲခေါင်ဒေသတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မဲခေါင်ခရီးသွား လုပ်ငန်းညှိနှိုင်းရေးရုံးမှ  မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်နေမှု အခြေအနေ၊ မဲခေါင်ခရီးသွား လုပ်ငန်းညှိနှိုင်းရေး ရုံးအား မဟာမဲခေါင်ဒေသခွဲ အစိုးရများ နှင့်ဆိုင်သော နိုင်ငံတကာ အဖွဲ့အစည်းအဖြစ် တရားဝင်ရပ်တည်မှု  အဆင့်အတန်း ရရှိရေးအတွက် မဲခေါင်ခရီးသွား လုပ်ငန်းညှိနှိုင်းရေးရုံး တည်ထောင်မှု သဘောတူစာချုပ် (မူကြမ်း)အပေါ်   အဖွဲ့ဝင်နိုင်ငံများမှ ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များတွင် မြန်မာနိုင်ငံ၏ သဘောထားအမြင်များကို အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းပါဝင် ဆွေးနွေးညှိနှိုင်းခဲ့ပြီး မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ ဧပြီလ  ၂၄  ရက်တွင် မဲခေါင်ခရီးသွား လုပ်ငန်းဖိုရမ်-၂၀၂၄ ကို    ''Visionary Journeys Redefining Tomorrow's Travel'' ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Kimi Liua Xiaozhou က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ယူနန်ပြည်နယ် CPC ကော်မတီဝင်များ၊ ယူနန်ပြည်နယ်မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါဖိုရမ်တွင် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ ခေါင်းဆောင်များနှင့် နိုင်ငံတကာ ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရှင်များနှင့် ခရီးသွား လုပ်ငန်းရှင်များက ကိုဗစ်-၁၉ အလွန် မဟာမဲခေါင်ဒေသတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရာတွင် ဒေသတွင်း ယဉ်ကျေးမှု အမွေအနှစ်များ ပေါင်းစည်းမှုများနှင့်   နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ မြှင့်တင်ခြင်းဖြင့် ဒေသတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်သောခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အလားအလာများ ရရှိနိုင်မှု အခြေအနေများကို ဆွေးနွေးညှိနှိုင်း ခဲ့ကြသည်။

အဆိုပါ မဲခေါင်ခရီးသွား လုပ်ငန်းဖိုရမ်-၂၀၂၄ သို့ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ခရီးသွားလုပ်ငန်းဆိုင်ရာ အစိုးရနှင့်ပုဂ္ဂလိက ကိုယ်စားလှယ် စုစုပေါင်း ၂၅၀ ခန့် တက်ရောက်ခဲ့ပြီး မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၅ ကို လာအိုနိုင်ငံမှ ၂၀၂၅ ခုနှစ် မေလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း  သိရသည်။