မြစ်သားမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့မှ ဝါစိုက်တောင်သူများနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတွေ့ဆုံ

 

မြစ်သားမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့မှ ဝါစိုက်တောင်သူများနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတွေ့ဆုံ

 

နေပြည်တော် ဧပြီ  ၂၅

    သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် မြိုင်ကုန်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအုပ်စုအတွင်းမှ ဝါစိုက်တောင်သူများ၊ မြိုင်ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ အသင်းသားတောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက လာမည့်မိုး ဝါစိုက်ပျိုးရေးအတွက်  အထွက်တိုး မျိုးကောင်းမျိုးသန့်များ  စိုက်ပျိုးနိုင်ရေး၊ သွင်းအားစုဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာ ပိုးသတ်ဆေး ပေါင်းသတ်ဆေးများ အသုံးပြုနိုင်ရေး၊ ထွက်ရှိသည့် ဝါပိဿာချိန်ပေါ် မူတည်၍ နေရာဒေသအလိုက် ဝါကြိတ် ဝါဖိစက်များ ထားရှိပေးနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သမဝါယမဝါစိုက်ပျိုးရေး အသင်းများအနေဖြင့် ပန်းတိုင်အထွက်နှုန်း ရရှိအောင် စိုက်ပျိုးကြရန်၊ အဆင့်မီဝါများရရှိအောင် စိုက်ပျိုးရေး နည်းပညာများအတိုင်း လိုက်နာဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီး ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က မြိုင်ကုန်း စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ ဝါစိုက်အသင်းသား တောင်သူများအတွက်  စိုက်ပျိုးရေး သွင်းအားစုများ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက်   စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့က ဝါစိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာ သိကောင်းစရာများကို တောင်သူအသိပညာပေး ရှင်းလင်းဆွေးနွေးကြပြီး အသင်းသားတောင်သူများ၏ ဝါစိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးရေးသွင်းအားစု ကုမ္ပဏီများ၏ ကုန်ပစ္စည်းများကို ကြည့်ရှုအားပေးသည်။

ထို့နောက်    ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့  စုပေါင်းရုံးခန်းမတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဖျောက်ဆိပ်ပင်ကျေးရွာ၊ ကင်းကျေးရွာ၊ တောင်တော်ကျေးရွာနှင့်  ကျောက်ဖျာကျေးရွာတို့မှ သမဝါယမအသင်းသား ဝါစိုက်တောင်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝါစိုက်ပျိုးရေး လုပ်ငန်းအပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဆီထွက်သီးနှံ စိုက်ပျိုးရေး၊ လာမည့်မိုးစပါးရာသီ စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရန် မှာကြားကာ အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။