ပဲခူးတိုင်းဒေသကြီးတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် အသုံးပြုမဲပေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

 

 

ပဲခူးတိုင်းဒေသကြီးတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် အသုံးပြုမဲပေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

 

ပဲခူး  ဧပြီ  ၂၅

    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပဲခူးတိုင်းဒေသကြီး၌ မြန်မာအီလက်ထရောနစ် မဲပေးစက် အသုံးပြုမဲပေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုးဦးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ အရာထမ်း၊ အမှုထမ်းများ၊  တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီ ၉ ပါတီမှ ပါတီဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ လူမှုရေး အသင်းအဖွဲ့များမှ  တာဝန်ရှိသူများနှင့် အများပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပဲခူးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးစိုးဦးက   ဖြည့်စွက် အမှာစကား ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိက အီလက်ထရောနစ်မဲပေးစက် အကြောင်း ရှင်းလင်းဆွေးနွေးကာ   တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ နိုင်ငံရေးပါတီများမှ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ များနှင့် အမှုဆောင်များနှင့် တက်ရောက်သူများက မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် ဆန္ဒမဲပေးကြသည်။

MEVM (Myanmar Electronic Voting Machine)စက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးခြင်းလုပ်ငန်းကို မွန်းလွဲပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ဆက်လက်ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် ပဲခူးမြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပဲခူးခရိုင်နှင့် ပဲခူးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ နိုင်ငံရေးပါတီများမှ ခရိုင်နှင့် မြို့နယ်အဆင့် ပါတီဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ အများပြည်သူများက လက်တွေ့စမ်းသပ်မဲ ပေးခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် MEVM  စက်ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  သိရသည်။