နေပြည်တော်ကောင်စီနယ်မြေ၌ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနှင့် ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော်ကောင်စီနယ်မြေ၌ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနှင့် ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော် ဧပြီ  ၂၅

    နေပြည်တော်ကောင်စီနယ်မြေ၌ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနှင့် ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊  ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ဆီထွက်သီးနှံဇုန် တာဝန်ခံများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရက ဆီထွက်သီးနှံများ အထွက်နှုန်း ပြည့်ဝစွာ ထုတ်လုပ်နိုင်ရေးနှင့် ဝါစိုက်ပျိုးထုတ်လုပ်မှုတွင် အဆင့်မီသည့် ဝါဂွမ်းများ ထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှု ပြုထားပါကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ပြည်ပမှစားသုံးဆီ တင်သွင်းမှု လျှော့ချနိုင်ရေးအတွက်  ပြည်သူများ နှစ်သက်စွာ စားသုံးသည့် ဆီအမျိုးအစားနှင့် စားသုံးမှု ပမာဏကိုလေ့လာပြီး ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး၍ ပြည်တွင်းစားသုံးဆီ ဖူလုံရေးကို ကြိုးပမ်းလျက်ရှိကြောင်း။

သီးနှံများကို တစ်ဧကအထွက်နှုန်းအတိုင်း ပြည့်ဝစွာထွက်ရှိစေရန် သက်ဆိုင်ရာဌာနများ နှင့် တာဝန်ရှိသူအဆင့်ဆင့်တို့က မျိုး၊ မြေ၊ရေ၊နည်း လိုအပ်ချက်များကို စိုက်ပျိုးရာသီအလိုက် စနစ်တကျကြိုတင်စီမံ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။

အထူးသဖြင့် ရေမြေရာသီဥတု အခြေအနေကောင်းများ ရှိနေပြီး ပညာရှင်အရင်းအမြစ်များ ပြည့်စုံလျက်ရှိသော နေပြည်တော် ကောင်စီနယ်မြေကို ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနှင့်ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားသော စံပြဒေသအဖြစ် ဖော်ဆောင်နိုင်ရေးအတွက် ယခုအစည်းအဝေးတွင် သက်ဆိုင်ရာကဏ္ဍများမှ အကြံပြုဆွေးနွေးကြရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသည့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနှင့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ဦးစီးဌာနအလိုက် တာဝန်ရှိသူများက ရေရရှိရေး လုပ်ငန်းများ၊ လယ်ယာသုံး စက်ကိရိယာ အသုံးပြုနိုင်ရေး ၊ မျိုးကောင်းမျိုးသန့်မျိုးစေ့ အသုံးပြုနိုင်ရေးနှင့် သွင်းအားစု ဓာတ်မြေသြဇာအသုံးပြုနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများ၊ နည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ စိုက်ပျိုးရာသီအလိုက် လျာထားဧကပြည့် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင် အထွက်ရရှိရေး စီမံဆောင်ရွက်နေမှုများ၊ လုပ်ငန်းများ အောင်မြင်ရေးအတွက် ဌာန၊ ပုဂ္ဂလိကနှင့် တောင်သူများ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီ၌ မြေပဲဧက ၄၇၀၀၀ ကျော်၊ နှမ်းဧက ၈၀၀၀၀ ကျော်၊ နေကြာဧက  ၄၆၀၀ ကျော် စုစုပေါင်း ဆီထွက်သီးနှံဧက ၁၃၀၀၀၀  ကျော် စိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။