ရေစီးရေလာကောင်းမွန်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု မြို့တော်ဝန်ကွင်းဆင်းစစ်ဆေး

 

ရေစီးရေလာကောင်းမွန်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု မြို့တော်ဝန်ကွင်းဆင်းစစ်ဆေး

 

ရန်ကုန်   ဧပြီ   ၂၅

    ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်)ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိ သူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်များ အတွင်း  အောင်သိဒ္ဓိချောင်း၊  ၉  မိုင် ဆည်မြောင်းချောင်း၊  သမိုင်းချောင်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်  Terminal  ဆီဆိုင်အနီး ရေမြောင်း များ  ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးပြီး ချောင်းတစ်လျှောက် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းရန်၊ လမ်းဘေးကျူးကျော် နေထိုင်မှုများ မရှိစေရေး  ကြပ်မတ်ဆောင်ရွက်ရန်နှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန် မှာကြားသည်။

    ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည်  လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ် (၄) ရပ်ကွက် ဘုရင့်နောင်တံတား နှစ်စင်းအောက်ပန်းခြံ တည်ဆောက်နေမှု၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် အမှတ် (၇) ရပ်ကွက်  ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းဆုံရှိ ဘုရင့်နောင် ပန်းခြံတိုးချဲ့ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

    ယင်းနောက်  ဒုတိယမြို့တော်ဝန်သည် ထိန်ပင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံ ဝင်းအတွင်း နွေစပါး(ဆင်းသုခ) မျိုးအတန်းလိုက် အစေ့ချစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးထားရှိမှု၊ ငါးအမိုင်လိုအကျိုးပြုဇီဝဖျော်ရည် စမ်းသပ်ထုတ်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကြောင်း သိရသည်။