အမိနိုင်ငံအတွက် ကောင်းအောင်ကြိုးစားမည်

 

အမိနိုင်ငံအတွက် ကောင်းအောင်ကြိုးစားမည်

 

    ကျွန်ုပ်တို့နိုင်ငံသားများ၏ အဓိကတာဝန် ကျွနု်ပ်တို့နိုင်ငံအား အင်အားကြံ့ခိုင် တောင့်တင်းသောနိုင်ငံ၊ တည်ငြိမ် အေးချမ်းသောနိုင်ငံ၊ တိုးတက် အောင်မြင်သောနိုင်ငံ၊ မည်သည့်ပြည်ပနိုင်ငံကမှ မကျူးကျော် မစော်ကားဝံ့သည့်နိုင်ငံ၊ ဂုဏ်သိက္ခာ အပေါင်းနှင့်ပြည့်စုံသော နိုင်ငံအဖြစ် ရပ်တည်သွားနိုင်ရန်  ကြိုးပမ်းဆောင်ရွက်ပေးရမည့် တာဝန်မှာ ကျွနု်ပ်တို့ နိုင်ငံသားများ၏ အဓိကတာဝန်ဖြစ်သည်။ ဤတာဝန်ကိုအောင်မြင်စွာ   ထမ်းဆောင်နိုင်ရန်အတွက် ကျွနု်ပ်တို့အားလုံး အမျိုးအစားကောင်းမွန်သော နိုင်ငံသားများဖြစ်ကြရမည်။ အမျိုးအစား ကောင်းမွန်သော နိုင်ငံသားများဖြစ်မှသာ  အမိနိုင်ငံတော်၏   ကောင်းကျိုး ချမ်းသာမှန်သမျှကို ဆောင်ရွက်ပေးနိုင်မည်။ အမျိုးအစားကောင်းမွန်သော နိုင်ငံသားများဖြစ်ရန် အချက် ၉ ချက်နှင့်ပြည့်စုံရမည်။ ယင်းအချက် ၉ ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

ကျန်းမာကြံ့ခိုင်ခြင်း

    ကျွန်ုပ်တို့သည် ကျန်းမာကြံ့ခိုင်သော နိုင်ငံသားများ ဖြစ်ကြရမည်။ ကျန်းမာကြံ့ခိုင်ရန်အတွက် နည်းလမ်း သုံးသွယ်ဖြင့် ဆောင်ရွက်နိုင်သည်။ ပထမနည်းလမ်းမှာ ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ အသိပညာဗဟုသုတများကို စဉ်ဆက်မပြတ် ဖတ်ရှုလေ့လာ မှတ်သားနေရမည်။

ဒုတိယနည်းလမ်းမှာ ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင်စားသောက်ရမည်။ တတိယနည်းလမ်းမှာ မိမိတို့နှင့်သင့်လျော်ရာ အားကစားနည်း တစ်မျိုးမျိုးကို ပုံမှန်လေ့ကျင့်နေရမည်။ ဤနည်းလမ်းသုံးသွယ်ကို အစဉ်လိုက်နာ ဆောင်ရွက်နေပါက ကျွန်ုပ်တို့နိုင်ငံသည် ကျန်းမာကြံ့ခိုင်   အင်အားတောင့်တင်းသော နိုင်ငံဖြစ်လာမည်။ အန္တရာယ်၊ ရန်စွယ် အမျိုးမျိုးကို အင်အားကြံ့ခိုင်စွာ ရင်ဆိုင်ကျော်လွှားနိုင်မည်။

စိတ်ဓာတ်ကြံ့ခိုင်မြင့်မားခြင်း

    ကျွနု်ပ်တို့သည်  စိတ်ဓာတ်ကြံ့ခိုင်မြင့်မားသော နိုင်ငံသားများဖြစ်ကြရမည်။ စိတ်ဓာတ်ကြံ့ခိုင်မြင့်မားရန် အတွက် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်နိုင်သည်။

ပထမနည်းလမ်းမှာ   အခြေအနေဆိုး အမျိုးမျိုးကို ကာလရှည်ကြာစွာ ရင်ဆိုင်နေရစေကာမူ အညံ့ခံအရှုံးမပေးဘဲ တာဝန်နှင့်ရည်မှန်းချက် ပန်းတိုင်များကို အရောက်ချီတက်ရမည်။ ဒုတိယနည်းလမ်းမှာ အညံ့ခံ အရှုံးသမားအဖြစ် မရပ်တည်ဘဲ တာဝန်နှင့်ဂုဏ်သိက္ခာ အတွက် အသက်ကို စွန့်လွှတ်သော သူအဖြစ် ရပ်တည်သွားလိုစိတ်  အစဉ်မွေးမြူထားရမည်။ တတိယနည်းလမ်းမှာ အခြေအနေဆိုး အမျိုးမျိုးနှင့် ကြုံတွေ့နေရစေကာမူ စောင့်သိရမည့် သစ္စာတရားမှန်သမျှကို  စောင့်သိခြင်း၊ ထိန်းသိမ်းရမည့် ကျင့်ဝတ်မှန်သမျှကို ထိန်းသိမ်းခြင်း၊ ပေးဆပ်ရမည့် ကျေးဇူးတရားမှန်သမျှကို ပေးဆပ်ခြင်း စသည့်အလေ့အထများကို အမြဲပြုလုပ်နေရမည်။ ဤနည်းလမ်းသုံးသွယ်ကို အစဉ်လိုက်နာ ဆောင်ရွက်နေပါက ကျွနု်ပ်တို့ စိတ်ဓာတ်ကြံ့ခိုင်မြင့်မား လာကြမည်။ ကျွနု်ပ်တို့ စိတ်ဓာတ်ကြံံ့ခိုင်မြင့်မားလာမှုကြောင့် အမိနိုင်ငံအနေဖြင့် စိတ်ဓာတ်ကြံ့ခိုင်စွာ အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ပြီး မျှော်မှန်းထားသည့် အောင်မြင်မှုအမျိုးမျိုးကို အရယူနိုင်မည်။

ဇာတိသွေးဇာတိမာန်မြင့်မားခြင်း

    ကျွနု်ပ်တို့သည် ဇာတိသွေး၊ ဇာတိမာန်မြင့်မားသော နိုင်ငံသားများဖြစ်ကြရမည်။ ဇာတိသွေး၊ ဇာတိမာန်မြင့်မား နေရန်အတွက် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက် နိုင်သည်။ ပထမနည်းလမ်းမှာ မိမိတို့နိုင်ငံနှင့်လူမျိုးသည်   ဇာတိသွေး၊ ဇာတိမာန်မြင့်မားသော နိုင်ငံနှင့် လူမျိုးဖြစ်သည်ဟု ဂုဏ်ယူတန်ဖိုးထားနေရမည်။

ဒုတိယနည်းလမ်းမှာ မိမိတို့နိုင်ငံနှင့် လူမျိုး၏ ဂုဏ်ယူဖွယ်ရာ သမိုင်းကြောင်းကို  ဆက်လက်ထိန်းသိမ်းသွားလိုစိတ် မြင့်မားစွာ မွေးမြူထားရမည်။ တတိယနည်းလမ်းမှာ အမျိုးဂုဏ်ဇာတိဂုဏ်၊ ဇာတိသွေး၊ ဇာတိမာန်မြင့်မားစေမည့် အပြုအမူ၊ အပြောအဆို၊ အကြံအစည်များကိုသာ အစဉ်အမြဲပြုလုပ်နေရမည်။ ဤနည်းလမ်းသုံးသွယ်ကို    အစဉ်အမြဲလိုက်နာ ဆောင်ရွက်နေပါက ကျွနု်ပ်တို့ဇာတိသွေး၊ ဇာတိမာန် မြင့်မားလာကြမည်။  ကျွနု်ပ်တို့ဇာတိသွေး၊ ဇာတိမာန် မြင့်မားလာမှုကြောင့် အမိနိုင်ငံအနေဖြင့် ဇာတိသွေး၊  ဇာတိမာန်မြင့်မားသော နိုင်ငံအဖြစ်  ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်မည်။ အသက်ကိုစွန့်၍ အောင်ပွဲကို ရယူသည့် နိုင်ငံ၊ တာဝန်နှင့်ဂုဏ်သိက္ခာအတွက် မည်သည့် စွန့်လွှတ်စွန့်စားမှုမျိုးကိုမဆို ပြုလုပ်ဝံ့သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိလာမည်။

စွမ်းရည်အမျိုးမျိုးမြင့်မားခြင်း

ကျွနု်ပ်တို့သည် မိမိတို့နှင့် သက်ဆိုင်ရာ စွမ်းရည်အမျိုးမျိုးဖြင့် မြင့်မားနေသော နိုင်ငံသားများ ဖြစ်ကြရမည်။ စွမ်းရည်အမျိုးမျိုး မြင့်မားနေရန်အတွက် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်နိုင်သည်။ ပထမနည်းလမ်းမှာ လုပ်ငန်းတာဝန်များကို တစ်ကြိမ်ထက်တစ်ကြိမ်ပိုမို၍ အစွမ်းကုန်  ကြိုးပမ်းအားထုတ် ဆောင်ရွက်ရမည်။

ဒုတိယနည်းလမ်းမှာ လုပ်ငန်းတာဝန်များကို သုတေသနသဘောကို  အခြေခံ၍ဆောင်ရွက်ပြီး လုပ်ငန်း အတွေ့အကြုံများထဲမှ ပိုမိုအဆင့်မြင့်သော အတွေးအခေါ်၊ အယူအဆ၊ အသိအမြင်၊ နည်းဗျူဟာ နည်းလမ်းများကို  သုံးသပ်ဖော်ထုတ် ရယူရမည်။

တတိယနည်းလမ်းမှာ လုပ်ငန်းတာဝန်တစ်ခု ထမ်းဆောင်ပြီးတိုင်း  ထပ်မံ၍  ပိုမိုအဆင့်မြင့်သော လုပ်ငန်းတာဝန်ကို ထမ်းဆောင်ပြီး မိမိတို့၏နည်းဗျူဟာပိုင်ဆိုင်မှုအဆင့်နှင့်လုပ်ငန်း ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်နေရမည်။ ဤနည်းလမ်းသုံးသွယ်ကို  အစဉ်အမြဲလိုက်နာဆောင်ရွက်နေပါက  ကျွနု်ပ်တို့စွမ်းရည် အမျိုးမျိုးမြင့်မားလာကြမည်။  ကျွနု်ပ်တို့စွမ်းရည် အမျိုးမျိုးမြင့်မားလာမှုကြောင့်  အမိနိုင်ငံအနေဖြင့် စွမ်းရည်မြင့်မားသော နိုင်ငံဖြစ်လာမည်။  ခက်ခဲ၍ အဆင့်မြင့်သော ရည်မှန်းချက်ပန်းတိုင် အမျိုးမျိုးကို အောင်မြင်စွာချီတက်နိုင်မည်။

ကိုယ်ကျင့်သီလနှင့် နှုတ်ကတိတည်ကြည်မှုမြင့်မားခြင်း

    ကျွနု်ပ်တို့သည် ကိုယ်ကျင့်တရားမြင့်မားပြီး နှုတ်ကတိ တည်ကြည်သော   နိုင်ငံသားများ ဖြစ်ကြရမည်။ ကိုယ်ကျင့်သီလမြင့်မားပြီး နှုတ်ကတိတည်ကြည်ရန် အတွက် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်နိုင်သည်။

ပထမနည်းလမ်းမှာ မိမိတို့၏ စိတ်ကိုအသိတရားဖြင့် အစဉ်ထိန်းချုပ်ပြီး  မကောင်းမှုမှန်သမျှကိုရှောင်၊ ကောင်းမှုမှန်သမျှကိုဆောင်ရွက်နေရမည်။ ဒုတိယနည်းလမ်းမှာ ဘဝခရီးတစ်လျှောက်လုံး ဟီရိသြတ္တပ္ပ ဟူသော  အရှက်အကြောက်တရား နှစ်ပါးနှင့်အညီ ကြံစည်ပြောဆို ပြုမူနေထိုင်သွားရမည်။ တတိယနည်းလမ်းမှာ မိမိတို့၏ ကိုယ်ကျင့်သီလနှင့် ဂုဏ်သိက္ခာကို  မိမိတို့၏အသက်ထက်  ပိုမိုတန်ဖိုးထားကာ ကာကွယ်စောင့်ရှောက်သွားရမည်။ ဤနည်းလမ်းသုံးသွယ်ကို အစဉ်လိုက်နာ ဆောင်ရွက်နေပါက ကျွနု်ပ်တို့ ကိုယ်ကျင့်သီလမြင့်မားပြီး နှုတ်ကတိ တည်ကြည်လာကြမည်။ ကျွနု်ပ်တို့ ကိုယ်ကျင့်သီလမြင့်မားပြီး နှုတ်ကတိတည်ကြည်နေမှုကြောင့် နိုင်ငံသားအချင်းချင်း အပြန်အလှန်ယုံကြည် အားကိုးမှုရှိလာပြီး စည်းလုံးညီညွတ်မှုရှိလာမည်။  အမိနိုင်ငံအနေဖြင့်လည်း ကိုယ်ကျင့်သီလမြင့်မားပြီး နှုတ်ကတိတည်ကြည်သော နိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်လာနိုင်မည်။

ချစ်ခင်စည်းလုံးညီညွတ်မှုမြင့်မားခြင်း

    ကျွနု်ပ်တို့သည် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိနေသော နိုင်ငံသားများဖြစ်ကြရမည်။ချစ်ခင်စည်းလုံးညီညွတ်မှုရှိနေရန် အတွက် နည်းလမ်း သုံးသွယ်ဖြင့် ဆောင်ရွက်နိုင်သည်။ ပထမနည်းလမ်းမှာ နိုင်ငံသား အချင်းချင်းတစ်ဦးနှင့်တစ်ဦး အပြန်အလှန် သစ္စာစောင့်သိမှု၊ ကာကွယ်စောင့်ရှောက်မှု၊ ဖေးမကူညီမှု၊ လေးစားတန်ဖိုးထားမှု ရှိနေကြရမည်။ ဒုတိယနည်းလမ်းမှာ မရှိအတူ၊ ရှိအတူ အေးအတူပူအမျှ အနာခံလည်းအတူတူ၊ အသာစံလည်း  အတူတူဟူသော မိသားစုစိတ်ဓာတ်ဖြင့်  နေထိုင်ကြရမည်။

တတိယနည်းလမ်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော  ပြဿနာအခက်အခဲများကို စုပေါင်းဆွေးနွေးတိုင်ပင်  အဖြေရှာသောနည်းဖြင့် ဖြေရှင်းကြရမည်။ ဤနည်းလမ်းသုံးသွယ်ကို အစဉ်လိုက်နာ ဆောင်ရွက်နေပါက ကျွနု်ပ်တို့အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်လာကြမည်။   ကျွနု်ပ်တို့ အချင်းချင်း ချစ်ခင်စည်းလုံး ညီညွတ်နေမှုကြောင့် အမိနိုင်ငံအနေဖြင့် အင်အားကြံ့ခိုင် တောင့်တင်းလာမည်။ မည်သည့်ပြည်ပနိုင်ငံကမှ သပ်သျှိုသွေးခွဲ၍ မရနိုင်သည့်နိုင်ငံအဖြစ် ရောက်ရှိလာမည်။

အတွေးအခေါ်အမြော်အမြင်မြင့်မားခြင်း

ကျွနု်ပ်တို့အတွေးအခေါ် အမြော်အမြင်မြင့်မားသော နိုင်ငံသားများဖြစ်ကြရမည်။ အတွေးအခေါ် အမြော်အမြင်မြင့်မားရန်အတွက် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်နိုင်သည်။ ပထမနည်းလမ်းမှာ စာပေဗဟုသုတများကို  စဉ်ဆက်မပြတ်  ဖတ်ရှုလေ့လာမှတ်သားနေခြင်း၊ ပညာရှိသူတော်ကောင်းများ၏ လမ်းညွှန်ပြသမှုများကို မပြတ်ခံယူခြင်း စသည်တို့ကို အစဉ်ပြုလုပ်နေရမည်။ ဒုတိယနည်းလမ်းမှာ မိမိတို့၏ မူလအတွေးအခေါ် အယူအဆ အသိအမြင်များကို အမြဲမှန်ကန်မှုရှိနေသည်ဟု ပုံသေမှတ်ယူမထားဘဲ လောကကြီး၏ ပကတိအခြေအနေများနှင့် တိုက်ဆိုင်ပြီး လိုအပ်သလို ပြုပြင်တည့်မတ်ပေးနေရမည်။ တတိယနည်းလမ်းမှာ လောကဖြစ်စဉ် အကြောင်းအရာများနှင့် ပတ်သက်၍ မြင်ရသော ပြင်ပအသွင်သဏ္ဌာန်ပိုင်းကိုလည်း လေ့လာရမည်။ ထို့နောက်လျှို့ဝှက်တည်ရှိနေသည့်   မမြင်ရသည့်အပိုင်းကိုလည်း ဆင်ခြင်သုံးသပ်ရမည်။ ထို့နောက် မြင်ရသော အပိုင်းနှင့်မမြင်ရသော အပိုင်းတို့ မည်သို့မည်ပုံ ဆက်စပ်နေသည်ကိုလည်း သုံးသပ်ဖော်ထုတ်ရမည်။  ဤနည်းလမ်းသုံးသွယ်ကို အစဉ်လိုက်နာဆောင်ရွက်ပါက ကျွနု်ပ်တို့အတွေးအခေါ် အမြော်အမြင်မြင့်မားသော နိုင်ငံသားများဖြစ်လာကြမည်။ ကျွနု်ပ်တို့ အတွေးအခေါ်အမြော်အမြင် မြင့်မားနေမှုကြောင့်  အမိနိုင်ငံအနေဖြင့် အတွေးအခေါ်အမြော်အမြင် မြင့်မားသောနိုင်ငံအဖြစ် ရပ်တည်လာနိုင်မည်။ ပြည်ဖျက်အင်အားစုအမျိုးမျိုးက မည်သို့ပင်   ပရိယာယ်ဆင် လှည့်စားနေစေကာမူ ကျွနု်ပ်တို့နိုင်ငံသားများက အမြော်အမြင်ကြီးစွာ အမိနိုင်ငံအတွက်မကောင်းမှုမှန်သမျှကို ရှောင်ပြီး ကောင်းမှုမှန်သမျှကိုသာ ကြိုးပမ်းဆောင်ရွက်နေကြမည်။

ခံယူချက်ယုံကြည်ချက်မှန်ကန်မွန်မြတ်ခြင်း

ကျွနု်ပ်တို့အမိနိုင်ငံအပေါ် မှန်ကန်မွန်မြတ်သော ခံယူချက်၊ ယုံကြည်ချက် ထားရှိနေသောနိုင်ငံသားများ ဖြစ်ကြရမည်။ မှန်ကန်မွန်မြတ်သော ခံယူချက်၊ ယုံကြည်ချက်များထားရှိနိုင်ရန် အတွက် နည်းလမ်း သုံးသွယ်ဖြင့် ဆောင်ရွက်နိုင်သည်။ ပထမနည်းလမ်းမှာ မိမိတို့၏ခံယူချက်၊ ယုံကြည်ချက်များကို အမိနိုင်ငံ၏ ပစ္စုပ္ပန်ပကတိ အခြေအနေမှန်များနှင့် ဆက်စပ်ပြီး ပိုမိုမှန်ကန်မွန်မြတ်သော ခံယူချက်၊ ယုံကြည်ချက်များအဖြစ် တည့်မတ်ပေးနေရမည်။ ဒုတိယနည်းလမ်းမှာ မိမိတို့၏ စိတ်နှလုံးအတွင်းသို့ မကောင်းမှုတရား အမျိုးမျိုးမဝင်ရောက်စေဘဲ ကောင်းမှုတရား အမျိုးမျိုးကိုသာ ဝင်ရောက်စေပြီး မိမိတို့၏စိတ်နှလုံးကို ဖြူစင်သန့်ရှင်းအောင် အမြဲပြုလုပ်ထားရမည်။ တတိယနည်းလမ်းမှာ ကျွနု်ပ်တို့နိုင်ငံသားများအပေါ် အမိနိုင်ငံ၏ကြီးမားလှသော ကျေးဇူးတရားအမျိုးမျိုးကို အမြဲအောက်မေ့သတိရနေရမည်။ ဤနည်းလမ်းသုံးသွယ်ကို အစဉ်လိုက်နာဆောင်ရွက်ပါက ကျွနု်ပ်တို့သည် အမိနိုင်ငံအပေါ် မှန်ကန်မွန်မြတ်သော ခံယူချက်၊ ယုံကြည်ချက်များ ထားရှိသည့်နိုင်ငံသားများဖြစ်လာကြမည်။ ကျွနု်ပ်တို့၏ခံယူချက်၊ ယုံကြည်ချက်များ မှန်ကန်မွန်မြတ်နေခြင်းကြောင့်  အမိနိုင်ငံသည် တည်ငြိမ်အေးချမ်းပြီး အောင်မြင်တိုးတက်နေသော နိုင်ငံအဖြစ်သို့ရောက်ရှိလာမည်။

အသိသတိကြီးစွာအသင့်ဖြစ်မှုမြင့်မားခြင်း

ကျွနု်ပ်တို့သည် အမိနိုင်ငံအပေါ် အသိသတိကြီးစွာ အမြဲအသင့်ဖြစ်နေသော နိုင်ငံသားများဖြစ်ကြရမည်။ အသိသတိကြီးစွာ အမိနိုင်ငံ၏ အနာဂတ် အခြေအနေများအတွက် အသင့်ရှိနေစေရန် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်နိုင်သည်။ ပထမနည်းလမ်းမှာ အမိနိုင်ငံ၏ ပစ္စုပ္ပန်အခြေအနေများသည်  နိုင်ငံ၏တိုးတက်မှု သို့မဟုတ်  ဆုတ်ယုတ်မှုကို ဖော်ပြနေသလောဆိုသည်ကို စိတ်ပါဝင်စားစွာ အလေးအနက်ဆင်ခြင် သုံးသပ်နေရမည်။ ဒုတိယနည်းလမ်းမှာ  အမိနိုင်ငံ၏   ပစ္စုပ္ပန်အခြေအနေများ အပေါ်  မူတည်ပြီး အနာဂတ်တွင်မည်ကဲ့သို့သော အခြေအနေများ ထပ်မံပေါ်ပေါက်လာမည်ကို လည်းကောင်း၊ ပေါ်ပေါက်လာမည့် အခြေအနေများအတွက် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေရမည်ကိုလည်းကောင်း သုံးသပ်ဖော်ထုတ်နေရမည်။ တတိယနည်းလမ်းမှာ အမိနိုင်ငံအတွက် ပြုလုပ်ရမည့်ကြိုတင် ပြင်ဆင်မှုများအနက် အဓိကအကျဆုံးနှင့် အလိုအပ်ဆုံးဖြစ်သော ကြိုတင်ပြင်ဆင်မှုများကို ဝီရိယကြီးစွာ   ယခုပစ္စုပ္ပန်ကာလတွင် အချိန်မီ ပြုလုပ်ပေးနေရမည်။ ဤနည်းလမ်းသုံးသွယ်ကို   အစဉ်လိုက်နာ ဆောင်ရွက်နေပါက ကျွနု်ပ်တို့သည် အမိနိုင်ငံအပေါ် အသိသတိကြီးစွာ အမြဲအသင့်ဖြစ်နေသော နိုင်ငံသားများအဖြစ် ရောက်ရှိလာကြမည်။ ကျွနု်ပ်တို့ ဤကဲ့သို့   အသိသတိကြီးစွာ  အမိနိုင်ငံအတွက် အသင့်ဖြစ်နေမှုကြောင့် အမိနိုင်ငံသည်  အနာဂတ်တွင် ကြုံတွေ့ရမည့်အခြေအနေဆိုးများကို  ရင်ဆိုင်ရန်  အသိသတိကြီးစွာ  အသင့်အနေထားတွင် ရှိနေမည်။

ကျွနု်ပ်တို့အမျိုးအစားကောင်းရန်သာလိုသည်

    နိဂုံးချုပ်အနေဖြင့် တင်ပြရမည်ဆိုပါက ကျွန်ုပ်တို့သည် ကျန်းမာကြံ့ခိုင်ခြင်း၊ စိတ်ဓာတ်ကြံ့ခိုင်မြင့်မားခြင်း၊ ဇာတိသွေး၊ ဇာတိမာန်မြင့်မားခြင်း စွမ်းရည်အမျိုးမျိုးမြင့်မားခြင်း၊ ကိုယ်ကျင့်သီလနှင့် နှုတ်ကတိတည်ကြည်မှုမြင့်မားခြင်း၊ ချစ်ခင်စည်းလုံး ညီညွတ်မှုမြင့်မားခြင်း၊ အတွေးအခေါ်အမြော်အမြင် မြင့်မားခြင်း၊ ခံယူချက်ယုံကြည်ချက် မှန်ကန်မွန်မြတ်ခြင်း၊ အသိသတိကြီးစွာ အသင့်ဖြစ်မှုမြင့်မားခြင်း စသည့်အချက် ၉ ချက်နှင့် ပြည့်စုံသောအမျိုးအစား ကောင်းမွန်သည့် နိုင်ငံသားများဖြစ်ရန် များစွာအရေးကြီးသည်။ ကျွနု်ပ်တို့အားလုံး အမျိုးအစား ကောင်းမွန်သော နိုင်ငံသားများဖြစ်နေကြမှသာ အမိနိုင်ငံတော်ကြီးသည် လှပသောသမိုင်းကြောင်းကို  ပိုင်ဆိုင်ပြီး ကျွနု်ပ်တို့အားလုံး အမျိုးအစားမကောင်းသော နိုင်ငံသားများဖြစ်ကြပါက အမိနိုင်ငံသည်

အရုပ်ဆိုးအကျည်းတန်သော သမိုင်းကြောင်းကိုပိုင်ဆိုင်မည်။  ထို့ကြောင့်   လှပသောသမိုင်းကြောင်းကို အမိနိုင်ငံ ပိုင်ဆိုင်နိုင်ရေးအတွက်  ကျွနု်ပ်တို့အားလုံး  အမျိုးအစားကောင်းသော နိုင်ငံသားများဖြစ်ရန် အစဉ်ကြိုးပမ်းနေကြပါစို့ဟု    တင်ပြအပ်ပါသည်။    ။

ကျော်ကျော်သန်း(မဟာဝိဇ္ဇာ)