၂၀၂၄ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

၂၀၂၄ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

နေပြည်တော်၊ ၂၀၂၄ ဧပြီ - ၂၆

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန် နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။  

ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် တပ်မတော်(ရေ)က ရေကြောင်း လူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းများကို နေပြည်တော်ကောင်စီ နယ်မြေရှိ နေပြည်တော်စခန်းတန်းခွဲ(၂) ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၂၂ ဦး၊  မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၁ ဦး၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ် စခန်းမှ သင်တန်း သား၊သင်တန်းသူ ၄၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်း မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၅၅ ဦး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဟိန်းဇဲ ဒေသရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၄ ဦးတို့ကို တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ တပ်မတော်(ရေ)ရေကြောင်းလူငယ်သင်တန်းစခန်း ၁၀ ခုမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၈၁၈ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

အလားတူ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးလျက် ရှိရာ ယနေ့နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် အခြေခံစစ်ရေးပြဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှုအခြေခံသဘောတရားဘာသာရပ်၊ လေကြောင်းဆိုင်ရာအခြေခံဗဟုသုတများ ဘာသာရပ်၊ Airfield Procedure  ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေး၊ ဇာတိမာန်ဘာသာရပ်၊ RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်းဘာသာရပ်နှင့် RC/Flight Simulator မောင်းနှင်ခြင်း ဘာသာရပ်များကို နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်သင်တန်းစခန်းမှ သင်တန်းသား ၇၀ ဦး၊ မိတ္ထီလာမြို့ရှိ မြန်မာပြည် မြောက်ပိုင်းသင်တန်းစခန်းမှ သင်တန်းသား ၅၀ ဦး၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်သင်တန်းစခန်းမှ သင်တန်းသား ၅၀ ဦး၊ ပြည်မြို့ရှိ ပြည်သင်တန်းစခန်းမှ သင်တန်းသား ၅၀ ဦး၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံသင်တန်းစခန်းမှ သင်တန်းသား ၅၀ ဦးတို့ကို သက်ဆိုင်ရာနယ်မြေအသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ တပ်မတော်(လေ) လေကြောင်းလူငယ်သင်တန်းစခန်း ၁၇ ခုမှ သင်တန်း သား၊ သင်တန်းသူ စုစုပေါင်း ၈၅၀ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ထိုသို့ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ အခြေခံ လေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများ လေ့ကျင့် သင်ကြားပို့ချနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။