၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ ဂုဏ်ပြုဖျော်ဖြေပွဲကျင်းပ
နေပြည်တော် ဧပြီ ၂၆
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသော လူရည်ချွန်မောင်မယ်များ ဂုဏ်ပြုဖျော်ဖြေပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဖျော်ဖြေပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် မြဝတီတေးဂီတ အဖွဲ့တို့မှ အနုပညာရှင်များက ခေတ်ပေါ်တေးသီချင်းများ၊ ဇာတိမာန်နှင့်မျိုးချစ်စိတ်ကို တက်ကြွစေမည့် တေးသီချင်းများ၊ တိုင်းကျိုးပြည်ပြု တေးသီချင်းများ၊ လူငယ်မောင်မယ်များ စိတ်ခွန်အားရရှိစေမည့် တေးသီချင်းနှင့် အကအလှများ၊ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးမှ နိုင်ငံကျော် ဟာသပညာရှင် ဒိန်းဒေါင်နှင့်အဖွဲ့က စိတ်ပျော်ရွှင်ချမ်းမြေ့စေမည့် ဟာသပြက်လုံးများဖြင့် ဂုဏ်ပြုဖျော်ဖြေ တင်ဆက်ကြရာ နေပြည်တော် အပါအဝင်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူရည်ချွန်မောင်မယ်များ၊ ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ်များ၊ ကင်းထောက်လူငယ် မောင်မယ်များ၊ ကြက်ခြေနီမောင်မယ်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက စိတ်လက်ပေါ့ပါး တက်ကြွစွာ ကြည့်ရှုအားပေးကြပြီး ဖျော်ဖြေပေးကြသည့် အနုပညာရှင်များနှင့်အတူ တပျော်တပါး ပါဝင်သီဆိုဆင်နွှဲကြသည်။
ထို့ပြင် လူရည်ချွန်မောင်မယ်များကလည်း တေးသီချင်းများဖြင့် တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့လိုက်သော် လည်းကောင်း ပေါ့ပါးလွတ်လပ်စွာ ပါဝင်သီဆိုဖျော်ဖြေကြရာ ပရိသတ်များက တစ်ခဲနက် အားပေးကြသည်။
ထို့နောက် လူရည်ချွန်မောင်မယ်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီ တေးဂီတအဖွဲ့တို့မှ အနုပညာရှင်များ၏ “လတ်တီး” နှင့် “တောင်ယာဝင်ချိန်” တေးသီချင်း သီဆိုမှုနှင့်အတူ မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုကခုန်ကြကာ ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
ယမန်နေ့ ညနေပိုင်းကလည်း မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား “တားဆီးကာကွယ် မီဒီယာအဆိပ်သင့်မှု အန္တရာယ် ” Video Clip နှင့် “နိုင်ငံတော် တည်ဆောက်ရေးနှင့် နိုင်ငံတော် မီဒီယာ၏ အခန်းကဏ္ဍ” Video Clip တို့ကို ပြသခဲ့ပြီး ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က MRTV DTHံ စလောင်းအစုံ ၃၀ နှင့် DVB T2 Set Top Box အလုံးရေ ၁၅၀ တို့ကို ကံစမ်းမဲဖောက်ကာ မဲပေါက်ကြသည့် လူရည်ချွန်မောင်မယ်များ၊ ရေကြောင်း နှင့် လေကြောင်းလူငယ်မောင်မယ်များ၊ ကင်းထောက်လူငယ်မောင်မယ်များနှင့် ကြက်ခြေနီမောင်မယ်များအား ပေးအပ်ခဲ့ကြကြောင်း သိရသည်။