ရမည်းသင်းမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့မှ စိုက်ပျိုးရေးတောင်သူများ၊ နည်းပညာပေးဝန်ထမ်းများကို ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တွေ့ဆုံဆွေးနွေး

 

ရမည်းသင်းမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့မှ စိုက်ပျိုးရေးတောင်သူများ၊ နည်းပညာပေးဝန်ထမ်းများကို ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်  တွေ့ဆုံဆွေးနွေး

 

နေပြည်တော် ဧပြီ ၂၆

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ယမန်နေ့ နံနက်ပိုင်းက ရမည်းသင်းမြို့နယ်နှင့်   ကျောက်ဆည်မြို့နယ်တို့မှ စိုက်ပျိုးရေးတောင်သူများ၊ နည်းပညာပေး ဝန်ထမ်းများနှင့်  တွေ့ဆုံဆွေးနွေးသည်။

ရှေးဦးစွာ ဝါသီးနှံ ဖွံ့ဖြိုးတိုးတက်ရေး အတွက်  အဓိကထား ဆောင်ရွက်လျက်ရှိသည့်  ရမည်းသင်းမြို့နယ် ကတင်ကျေးရွာရှိ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်ရရှိရေး   စံပြကွက်တွင် ဒေသခံ ဝါစိုက်တောင်သူများ၊  စိုက်ပျိုးနည်းပညာပေး ကွင်းဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝါသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တောင်သူနှင့်  ပညာရှင်များအချိတ်အဆက် မိမိဆောင်ရွက်ရန်၊ ပန်းတိုင်အထွက်ရရှိရေး အတွက်   အဓိကဖြစ်သော အပင်ဦးရေ ပြည့်မီရေး  အလေးထားဆောင်ရွက်ရန်၊ စိုက်ပျိုးရေကို  အလေအလွင့် မရှိစေရန်နှင့် အကျိုးရှိထိရောက်စွာ   ခွဲဝေအသုံးပြုနိုင်ရေး အတွက်   တောင်သူများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဝါသီးနှံ နည်းပညာပေး ဝန်ထမ်းများအနေဖြင့်  မိမိတို့ဒေသတွင်  လက်ရှိအသုံးပြုလျက် ရှိသည့်မျိုးများအပေါ် လေ့လာသုံးသပ်ခြင်း၊ စိုက်ဧက ကိန်းဂဏန်း အချက်အလက်များ မှန်ကန်တိကျရေး၊    အထွက်နှုန်းများ မှန်ကန်စွာတင်ပြရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

အလားတူ   မိတ္ထီလာမြို့နယ် စက်ပစ်တောင်ကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး အစီအစဉ်ဖြင့် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် နွေစပါးမျိုးစေ့ထုတ် စိုက်ခင်း ဧက ၁၅၀  ၏ စိုက်ပျိုးဖြစ်ထွန်းမှုကို   ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့်    တွေ့ဆုံကာ ဒုတိယဝန်ကြီးက မျိုးစေ့ထုတ် လုပ်ငန်း၏ ဝင်ငွေအကျိုးအမြတ်နှင့် တောင်သူများ အတွက်  အကျိုးစီးပွားဖြစ်ထွန်းမှု အလားအလာများ၊ လယ်ယာမြေများ၏ မြေဆီလွှာကျန်းမာရေးနှင့် ဂေဟစနစ်ပြန်လည် ဖွံ့ဖြိုး တိုးတက်ရေးကို သတိပြုဆောင်ရွက်ကြရန် လိုအပ်ချက်များ၊ လယ်ယာသုံး စက်ကိရိယာများ၏   စက်စွမ်းအား အရည်အသွေးနှင့် ရိတ်သိမ်းချိန်အလေအလွင့်ကို ဆန်းစစ်လေ့လာ၍     တောင်သူများအကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် လိုအပ်သော စစ်ဆေးကြပ်မတ်မှုကို သက်ဆိုင်ရာ ဌာနများ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ကျောက်ဆည်မြို့နယ် ကုလကျေးရွာ နှမ်းစိုက်တောင်သူများကို တွေ့ဆုံ၍ နှမ်းစိုက်ပျိုးမှုဆိုင်ရာ ဒေသန္တရ အတွေ့အကြုံများကို မေးမြန်းဆွေးနွေးပြီး ဒုတိယဝန်ကြီးက တောင်သူများ၏ နှမ်းမျိုးသန့်ရွေးချယ် အသုံးပြုမှုနှင့် ထိန်းသိမ်းသိုလှောင်ထားရှိမှု လိုအပ်ချက်များအပေါ် အကြံပြု ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။