ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အသက် ၉၀ နှစ်နှင့်အထက် အငြိမ်းစား ဝန်ထမ်းများ ဂါရဝပြု၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဌာနအလိုက် အကောင်းဆုံး ဝန်ထမ်းများ ဆုချီးမြှင့်
ရန်ကုန် ဧပြီ ၂၆
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အသက် ၉၀ နှစ်နှင့်အထက် အငြိမ်းစားဝန်ထမ်းများ ဂါရဝပြုခြင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဌာနအလိုက် အကောင်းဆုံး ဝန်ထမ်းများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့တော်ခန်းမ ပထမထပ်ရှိ ခန်းမကြီး၌ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ အသက် ၉၀ နှစ်နှင့်အထက် အငြိမ်းစားဝန်ထမ်းများ၊ အကောင်းဆုံးဝန်ထမ်းဆ ုရရှိသူများနှင့် ဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ မြို့တော်ဝန်က ကော်မတီ၏ အငြိမ်းစားဝန်ထမ်းများ အားလုံးကိုလည်း ကျန်းမာချမ်းသာစွာ နေနိုင်ပါစေကြောင်း ကော်မတီ၏ ဝန်ထမ်းများကိုယ်စား ဆုမွန် ကောင်းတောင်းပါကြောင်း၊ မိခင်ဌာနဖြစ်သည်နှင့်အညီ လိုအပ်သည့် အခက်အခဲများရှိပါက ကော်မတီသို့ အကြောင်းကြားပြီး ကော်မတီမှ ဆောင်ရွက်ပေးနိုင်သည့် ကိစ္စများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ကော်မတီရှိ ဝန်ထမ်းတိုင်း ကော်မတီ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရာတွင် တူညီသောစိတ်ဓာတ်၊ ကောင်းမွန်သော စိတ်စေတနာဖြင့် အောင်မြင်အောင် ဆောင်ရွက်ပေးကြရန် အရာရှိအဆင့်ဆင့်၊ တာဝန်ရှိသူအဆင့်ဆင့်မှ ဦးဆောင် ကွပ်ကဲကြီးကြပ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ သမိုင်းစဉ်လာကောင်းများ၊ မှတ်တိုင်ကောင်းများ မှတ်တမ်းစိုက်ထူ၍ ဆက်လက်ကြိုးပမ်း သွားကြရန်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ မြို့တော်ဝန်က အသက် ၉၀ နှစ်နှင့်အထက် အငြိမ်းစား ဝန်ထမ်းများ ကိုယ်စား တက်ရောက်လာကြသူ လေးဦးကို နေရာအရောက် သွားရောက်၍ ဂါရဝပြု လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အကောင်းဆုံးဌာနမှူးဆု ရရှိသူ ဘဏ္ဍာရေးနှင့် ငွေစာရင်းဌာနမှ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) ဒေါ်နီနီအေး၊ အကောင်းဆုံး ဒုတိယဌာနမှူးဆု ရရှိသူ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန မြို့တော်ဂေါက်ကွင်းမှ ဒုတိယဌာနမှူး အထွေထွေမန်နေဂျာ ဦးမင်းညွန့်နှင့် အကောင်းဆုံးမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးဆု ရရှိသူ စီမံရေးရာဌာနမှ ဦးစီးအရာရှိ (မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး) ဦးဝင်းနိုင်တို့ကို ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများ ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်တို့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အကောင်းဆုံးဝန်ထမ်းဆု ရရှိသည့် အရာထမ်း၊ အမှုထမ်း ၁၈ ဦးကို ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။