မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ (၁/၂၀၂၄-၂၀၂၅) အစည်းအဝေး ကျင်းပ

 

 

 

မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ (၁/၂၀၂၄-၂၀၂၅) အစည်းအဝေး ကျင်းပ

 

နေပြည်တော်  ဧပြီ  ၂၆

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၁/၂၀၂၄-၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ တွင်   စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆီစက် လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို   ပထမအကြိမ်ချေးငွေ အဆိုပြုလွှာခေါ်ယူ၍ ချေးငွေထုတ်ချေးထားမှု အခြေအနေနှင့်  ဒုတိယအကြိမ် ချေးငွေအဆိုပြုလွှာများ ဆောင်ရွက် ထားရှိမှုအခြေအနေများ ရှင်းလင်းပြောကြားပြီး ချေးငွေအဆိုပြုလွှာများ ပိုမိုလက်ခံဆောင်ရွက်ပေးနိုင်ရေး အတွက် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်တွင် ကြော်ငြာစာ ထုတ်ပြန်၍ ဆောင်ရွက်လျက်ရှိရာ ဆီစက် လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ ပိုမိုတိုးတက် ထုတ်ချေးရေးအတွက်  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေး မှာကြားသည်။

ဆက်လက်၍ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး   ဦးမင်းသူက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ အဆိုပြုလွှာများ ပိုမိုလက်ခံ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကြော်ငြာစာထုတ်ပြန်ပြီးနောက် လက်ခံရရှိမှု၊ ဆီစက်လုပ်ငန်းများ ချေးငွေတိုးတက်ထုတ်ချေးနိုင်ရေး အတွက်ဆောင်ရွက်နေမှု၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပမှု၊ အထောက်အကူပြု အဖွဲ့ခေါင်းဆောင်များက သက်ဆိုင်ရာ အဖွဲ့အလိုက် ဆောင်ရွက်နေမှု အခြေအနေတို့ကို  ရှင်းလင်းတင်ပြသည်။  ဆက်လက်၍ မြန်မာ့စီးပွားရေးဘဏ်မှ    ချေးငွေအမှုတွဲများ စိစစ်ပြီးစီးမှု အခြေအနေကို ရှင်းလင်းတင်ပြရာ လုပ်ငန်း အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေး၍ အတည်ပြုကြသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI)၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဘဏ်များ အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။