နေပြည်တော်ကောင်စီနယ်မြေ ဆီထွက်သီးနှံဧက ၁၃၀၀၀၀ ကျော်နှင့် ချည်မျှင်ရှည်ဝါ ဧက ၁၀၁၀၀ စိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်ကောင်စီနယ်မြေ ဆီထွက်သီးနှံဧက ၁၃၀၀၀၀ ကျော်နှင့် ချည်မျှင်ရှည်ဝါ ဧက ၁၀၁၀၀ စိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  ဧပြီ  ၂၆

    နေပြည်တော်ကောင်စီနယ်မြေ၏ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အဓိကသီးနှံ ၁၀ မျိုးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တောင်သူပညာပေး လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ ဆီထွက်သီးနှံ  ခြောက်မျိုးဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညင်း၊ ပန်းနှမ်းနှင့် ဆီအုန်းသီးနှံများ   အထွက်နှုန်း တိုးတက်စေရေးနှင့် အရည်အသွေးကောင်း မျိုးကောင်းမျိုးသန့်များ  ပြောင်းလဲစိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို   ယနေ့နံနက်ပိုင်းတွင် နေပြည်တော်  စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က နေပြည်တော်ကောင်စီနယ်မြေအတွင်း သီးထပ်စိုက်စွမ်းအား မြှင့်တင်ရေးနှင့် သီးနှံအလိုက် သတ်မှတ်ထားသော ပန်းတိုင်အထွက်ရရှိရေးအတွက် တောင်သူပညာပေး လုပ်ငန်းများကို နယ်မြေအလိုက်၊ သီးနှံအလိုက်၊ စိုက်ပျိုးရာသီအလိုက်   စီမံချက်ချမှတ်ပြီး အချိန်ကိုက်ဆောင်ရွက်ရန်၊   ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုနှင့်  မမျှော်မှန်းနိုင်သော သဘာဝဘေး ကျရောက်မှုများကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြုံတွေ့လာပါက  သက်ဆိုင်ရာဌာနများ၊  ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်  လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍   တာဝန်ရှိသူများက စိုက်ပျိုးနည်းပညာပေး လုပ်ငန်းများ    စီမံဆောင်ရွက်ထားရှိမှုနှင့်   စိုက်ကွင်းများအရောက် နည်းပညာဝန်ဆောင်မှု ပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု၊   မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများ၏ မျှော်မှန်းအထွက်နှုန်းရရှိရေး၊ မျိုးပြောင်းလဲစိုက်ပျိုးမည့် အစီအစဉ်များ၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ ပေါင်းစပ်အသုံးပြုနိုင်ရေး နည်းပညာဖြန့်ဝေခြင်းနှင့်   လိုက်နာဆောင်ရွက်စေခြင်းတို့အတွက်  ပညာပေးဆောင်ရွက်သွားမည့် အစီအစဉ်များ၊ သီးနှံအလိုက် စိုက်ပျိုးရေ ရရှိရေးနှင့် ဖြည့်စွက်ရေပေးသွင်းနိုင်ရေး အတွက် သက်ဆိုင်ရာဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်နေမှု၊ စိုက်ပျိုးရာသီ အလိုက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေး၊ တပ်ကုန်းနှင့် ဥတ္တရသီရိမြို့နယ် ဆီထွက်သီးနှံအထူးဇုန် ဧရိယာတွင် ၂၀၂၄-၂၀၂၅ မိုးသီးနှံ၊ ဆောင်းသီးနှံ၊ နွေသီးနှံများအဖြစ် စုစုပေါင်း ဆီထွက်သီးနှံ ဧက ၁၃၀၀၀၀ ကျော်  စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊  အလားတူ မိုးကောင်းသောက် စိုက်ပျိုးမြေဧရိယာများ၌ ချည်မျှင်ရှည်ဝါ သီးနှံတိုးချဲ့စိုက်ပျိုးရေးကို ဆောင်ရွက်လျက်ရှိရာ တပ်ကုန်း၊ ဥတ္တရသီရိ၊ ဇေယျာသီရိနှင့်  ပုဗ္ဗသီရိမြို့နယ်တို့တွင် စုစုပေါင်း ချည်မျှင်ရှည်ဝါ ဧက ၁၀၁၀၀ စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး ဦးစီးဌာနက နည်းပညာနှင့် လိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။