အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာန၏ (၄၈)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကျင်းပ

 

အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာန၏ (၄၈)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကျင်းပ

 

နေပြည်တော် ဧပြီ ၂၆

    သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန   အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏   (၄၈)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို  ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်   အရာထမ်း၊အမှုထမ်းဝန်ထမ်းများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ဝန်ထမ်းများ အနေဖြင့်   နိုင်ငံတော်က အားကိုးရသော ပြည်သူများက အားထားရသော တိုးတက်အောင်မြင်သည့် ဌာနတစ်ခုအဖြစ် ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ ယနေ့တွင် (၄၈)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊  ဌာနအနေဖြင့်  ၁၉၇၆  ခုနှစ် မတ်လ ၃၀ ရက်တွင် အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအဖြစ်  စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါကြောင်း၊    ဌာန၏ လုပ်ငန်းတာဝန်များ အနေဖြင့် “အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့်  နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်”   ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အသက်မွေးဝမ်းကျောင်း သင်တန်းများပေးခြင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီ မှတ်ပုံတင်ပေးခြင်း၊   စားသောက်ကုန်၊ လူသုံးကုန်များကို ဘေးဥပဒ်ကင်းရှင်းစေရန် ဓာတ်ခွဲစမ်းသပ်ပေးခြင်း  လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

၂၀၂၃-၂၀၂၄     ဘဏ္ဍာနှစ်တွင် နည်းပညာပေးသင်တန်း   ၆၁၉  ကြိမ်၊ မှတ်ပုံတင်လုပ်ငန်း ၃၄၁၈  ခု၊ ဓာတ်ခွဲ စမ်းသပ်ပေးနိုင်မှု ၆၄၆၃ ကြိမ်တို့ကို ဌာန၏ လျာထားချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး   နိုင်ငံတော်ရန်ပုံငွေများ ရှာဖွေပေးနိုင်ခဲ့ပါကြောင်း၊ အသေးစားထုတ်ကုန် လုပ်ငန်းများ   ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းကို ကျေးရွာ ၁၅၁ ရွာရွေးချယ်ပြီး ပညာရေးဆုံးခန်းတိုင်အောင်   မသင်ကြားနိုင်သည့် လူငယ်၊ လူရွယ်များနှင့်အိုးမကွာ၊ အိမ်မကွာ မိသားစုဝင်ငွေတိုး  ဆောင်ရွက်လိုသည့် အမျိုးသမီးများကို အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ကျေးရွာတစ်ရွာလျှင် လူငါးဦးရွေးချယ်ပြီး  လုပ်ငန်းသုံးစက်ပစ္စည်းများ   ထောက်ပံ့ပေးကာ စုစုပေါင်းလူ ၇၅၅ ဦးကို လုပ်ငန်းများ ထူထောင်ပေးနိုင်ခဲ့သဖြင့်  အသေးစား စီးပွားရေး လုပ်ငန်းရှင်များဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံကိန်းများဖြစ်သည့် ကော်ဖီစီမံကိန်းတွင် ကော်ဖီစက်များ၊ ကော်ဖီထုတ်ကုန်များ ထုတ်လုပ်နိုင်အောင်  နည်းပညာပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး စပါးသီးနှံ၊ ပဲသီးနှံ၊ ဆီထွက်သီးနှံ အောင်မြင်ဖြစ်ထွန်းရေး စီမံကိန်းများ၌လည်း ပဲရိတ်စက်အပါအဝင် စက်ပစ္စည်းများ   ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်   ဝါမှချည်ဖြစ်သည်အထိ လုပ်ငန်းစဉ်များကို    ကူညီပံ့ပိုးပေးသည့်နေရာ၌လည်း   ကြိုးစား ဆောင်ရွက်လျက် ရှိပါကြောင်း၊   အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်  နိုင်ငံတော်၏ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိရောက်စွာ ပံ့ပိုးကူညီဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ ဦးစီးဌာန၏ ရည်မှန်းချက်များ၊ မျှော်မှန်းချက်များ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပြီး  အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် နောင်နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲရပ်တည်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း   ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက်  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဌာန၏    လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် အမြဲတမ်းအတွင်းဝန်တို့က    ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။

ယင်းနောက်   ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်    တာဝန်ရှိသူများက အားကစားထူးချွန်ဆုများ၊ ဝန်ထမ်းထူးချွန်ဆုများနှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် စွမ်းဆောင်ရည်  အကောင်းဆုံးဆုများ ရရှိသည့်ဝန်ထမ်းများနှင့်   တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများကို  ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။