ပဲခူးစက်မှုဇုန်ရှိ လက်အိတ်စက်ရုံနှင့် တိရစ္ဆာန်အစားအစာ စက်ရုံတို့ကို ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကြည့်ရှုစစ်ဆေး

 

ပဲခူးစက်မှုဇုန်ရှိ လက်အိတ်စက်ရုံနှင့် တိရစ္ဆာန်အစားအစာ စက်ရုံတို့ကို ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဧပြီ ၂၆

    စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးစက်မှုဇုန်ရှိ Bago Sports Gloves Co.,Ltd. ၏ လက်အိတ်စက်ရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက ထုတ်လုပ်ပြီး အားကစား လက်အိတ်များ ပြည်ပသို့တင်ပို့နိုင်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်အရည်အသွေး ပြည့်မီစေရေးဆောင်ရွက်ရန်၊   နိုင်ငံတကာဈေး ကွက်တွင်  ယှဉ်ပြိုင်နိုင်ရေးနှင့် စံချိန်စံညွှန်း အရည်အသွေးမီပစ္စည်းများ ဖြစ်စေရေးကြိုးပမ်း ဆောင်ရွက်ကြရန်၊ ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်ရန်၊ ပြည်ပဈေးကွက်ဝေစုသစ်များနှင့် ဈေးပိုမိုရရှိရေး ဆောင်ရွက်ရန်နှင့် ကုန်သွယ်မှု သတင်းအချက်အလက်များ  အချိန်နှင့်တစ်ပြေးညီသိရှိအောင် ဆောင်ရွက်ရန်တို့ကို မှာကြားပြီး   စက်ရုံအတွင်း   အားကစားလက်အိတ်များ ချုပ်လုပ်နေမှု အဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Myanmar New Hope Farms Co.,Ltd.  ၏   တိရစ္ဆာန်အစာ ထုတ်လုပ်ရေးစက်ရုံသို့ရောက်ရှိပြီး   စက်ရုံအတွင်း တိရစ္ဆာန်အစားအစာ ကြိတ်ခွဲထုတ်လုပ်နေမှုလုပ်ငန်းစဉ်နှင့် ကုန်ကြမ်းနှင့် ကုန်ချောထားသိုမှုတို့ကို ကြည့်ရှုစစ်ဆေးကာ တိရစ္ဆာန် အစားအစာများကို ပြည်တွင်းသုံးစွဲရန်ဖူလုံမှုရှိအောင်တိုးမြှင့်ထုတ်လုပ်ရန်၊ အရည်အသွေး ပြည့်မီစေရေး အလေးထားဆောင်ရွက်ရန်နှင့် ဈေးနှုန်းသက်သာစွာရောင်းချနိုင်ရေး ဆောင်ရွက်ရန်တို့ကို မှာကြားပြီး စက်ရုံ၏ လိုအပ်ချက်များကို   ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။