လူရည်ချွန်လူငယ်များမှသည် နောင်အနာဂတ်နိုင်ငံတော်ဆီသို့

 

လူရည်ချွန်လူငယ်များမှသည် နောင်အနာဂတ်နိုင်ငံတော်ဆီသို့

 

    လူငယ်များသည် အနာဂတ်လူ့ဘောင်ကို ပိုင်စိုးကြသူများ၊ အနာဂတ်လူ့ဘောင်ကို ဖန်တီးတည် ဆောက်ကြမည့် နိုင်ငံ၏ အရင်းအမြစ်များ၊ တစ်နည်းအားဖြင့်  တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များ ဖြစ်ကြသည်။  လူငယ်များကို မှန်ကန်စွာလေ့ကျင့် ပျိုးထောင်ပေးခြင်းဖြင့်သာ  အနာဂတ်နိုင်ငံတော်ကို မြင့်မားအောင်  တည်ဆောက်နိုင်မည်ဖြစ်သည်။

စိတ်ဓာတ်မြင့်မားသူ၊  အတွေးအခေါ်မှန်ကန်သူ၊ ရိုးသားဖြောင့်မတ်သူ၊ စွမ်းရည်ပြည့်စုံသူ လူငယ်များဖြင့်သာ နိုင်ငံကိုကောင်းအောင် တည်ဆောက်သွားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လူငယ်များကို ကာယ၊ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂဟူသည့် ဗလငါးတန် ပြည့်စုံနေအောင် လေ့ကျင့်ပျိုးထောင်သွားရန် လိုအပ်ပေသည်။

ကိန်းအောင်းရှင်သန်လာ

    နိုင်ငံတော်အစိုးရအနေဖြင့်   နှစ်စဉ်နွေရာသီ ကျောင်းပိတ်ရက်ကာလတွင်  လူငယ်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုနှစ် ဧပြီလ ၂၂ ရက်တွင် နိုင်ငံတစ် ဝန်း၌ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများ စတင်ဖွင့်လှစ်လျက်ရှိသည်။   ထို့ပြင် ယဉ်ကျေးလိမ္မာ၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ရေကူး၊ မြန်မာ့သိုင်း   စသည့်သင်တန်းများစွာကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။   နွေရာသီတွင် လူငယ်များကို  အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ပင်ဖြစ်သည်။

အထူးသဖြင့်  ၂၀၂၃-၂၀၂၄  ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးမှ လူရည်ချွန်မောင်မယ်များ တွေ့ဆုံပွဲ အခမ်းအနားကို ဧပြီလ ၂၆ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ ခမ်းခမ်းနားနား ကျင်းပကြောင်း သိရှိရသည်။ မိဘ၊ ဆရာသမားများ၏  ပြောဆိုဆုံးမမှုအောက်တွင် ကောင်းမွန်သည့်   စည်းကမ်းများ၊    ကိုယ်ကျင့်တရားများနှင့်အညီ  ကြိုးစားအားထုတ်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများသည် ဂုဏ်ပြုအခမ်းအနားကြီးသို့ တက်ရောက်ခွင့် ရရှိကြမည်ဖြစ်သည်။

ထို့ပြင်  တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ လူရည်ချွန်မောင်မယ်များသည်  ပုဂံ၊  တောင်ကြီး၊ငွေဆောင်၊ ချောင်းသာစသည့် လူရည်ချွန်စခန်း အသီးသီးကို လေ့လာရေးခရီးစဉ် သွားရောက်ခွင့်လည်း ရရှိကြမည်ဖြစ်သည်။ ထိုသို့အဖွဲ့လိုက် စုစုစည်းစည်း သွားလာနေထိုင်လေ့လာကြခြင်းဖြင့် အချင်းချင်း ရင်းနှီးခင်မင်မှုရရှိခြင်း၊  ပူးပေါင်းဆောင်ရွက်ခြင်း၊  ဒေသန္တရဗဟုသုတများ ဖလှယ်ခြင်းဖြင့် သူငယ်ချင်းများနေထိုင်ရာ ဒေသအကြောင်းနှင့် လူရည်ချွန်စခန်း အခြေစိုက်ရာဒေသများ၏ ရိုးရာယဉ်ကျေးမှုဓလေ့များနှင့် ဗဟုသုတများ တိုးပွားလာပြီး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးစိတ်၊ တန်ဖိုးထားစိတ်များ ကိန်းအောင်းရှင်သန်လာစေမည်ဖြစ်သည်။

ဆိုရလျှင် လူရည်ချွန်စီမံကိန်းကို ၁၉၆၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။  ၁၉၈၈  ခုနှစ်   (၂၅) ကြိမ်မြောက် ငွေရတုလူရည်ချွန် စီမံကိန်းအထိ ဆောင်ရွက်နိုင်ခဲ့သည်။  ၁၉၈၈  ခုနှစ်မှစပြီး  ခေတ္တရပ်နားခဲ့သည့် “လူရည်ချွန်စီမံကိန်း” ကို ၂၀၁၃ ခုနှစ်တွင် “ဘက်စုံပညာထူးချွန် လူငယ်စီမံကိန်း”  အဖြစ် ပြန်လည်ဆောင်ရွက်ခဲ့သည်။  ၂၀၁၈  ခုနှစ်တွင် “လူရည်ချွန်စီမံကိန်း” အမည်နှင့် ပြန်လည်ပြင်ဆင် ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် နှစ်(၆၀)ပြည့်မည်ဖြစ်သည်။

ကောင်းမွန်သောရည်ရွယ်ချက်များ

လူရည်ချွန်စီမံကိန်းများကို ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ထူးချွန်ထက်မြက်သော  ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊   ပညာရေး လက်တွေ့ဖွံ့ဖြိုးမှု လုပ်ငန်းများတွင်      ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌  ပါဝင်ဆောင်ရွက် နိုင်သည့်  နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန်နှင့်   ထူးချွန်ထက်မြက်သော  ကျောင်းသား၊ ကျောင်းသူများကို စံနမူနာပြု၍ ကျောင်းသားလူငယ်များအား ပြုစုပျိုးထောင်ပေးရန် ဟူသော ရည်ရွယ်ချက် (၃) ရပ်ဖြင့်ဆောင်ရွက်လျက်ရှိသည်။ အမှန်တော့ လူရည်ချွန်စီမံကိန်းများမှ ပေါ်ထွက်လာသော လူရည်ချွန်များသည် အနာဂတ်တွင်လည်း ထူးချွန်သောအရည်အသွေးများ၊ အရည်အချင်းများဖြင့် နိုင်ငံကိုအကျိုးပြုကာ ဆက်လက်ရှင်သန် ရပ်တည်သွားနိုင်ကြသည်။ ဆိုရလျှင် လူရည်ချွန်စီမံကိန်းသည် ပညာရေးလက်တွေ့ဖွံ့ဖြိုးမှု လုပ်ငန်းတစ်ရပ်ပင်ဖြစ်သည်။ ထို့ပြင် လူရည်ချွန် စီမံကိန်းသည်  ဆယ်စုနှစ်များစွာ သန္ဓေတည်ဖွံ့ဖြိုးလာခဲ့ပြီး နိုင်ငံ့သားကောင်းရတနာများ မွေးထုတ်ပေးခဲ့ပြီး အစဉ်အလာကောင်းရှိခဲ့သည့် ပညာရေးစီမံကိန်း လုပ်ငန်းတစ်ခုလည်းဖြစ်သည်။

ပိုင်ဆိုင်ထား

စင်စစ်အားဖြင့် လူငယ်များသည် အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့်  သားကောင်းရတနာ များပင်ဖြစ်သည်။ လူငယ်များသည် ဖျတ်လတ်သွက်လက်ခြင်း၊ နိုးကြားတက်ကြွခြင်း၊  ခွန်အားရှိခြင်း၊  စူးစမ်းတတ်ခြင်း၊ စွန့်စားခြင်း၊  ရဲရင့်ခြင်းနှင့်  ဖန်တီးနိုင်စွမ်းအား ရှိသူများလည်းရှိသည်။  ထို့ပြင်  လူငယ်များသည် မိမိလိုလားတောင့်တသည့်  ပန်းတိုင်ကိုအရောက် လှမ်းနိုင်ရန် ရည်မှန်းချက်များ၊ မျှော်လင့်ချက်များနှင့် တွန်းအားပေးနိုင်သည့်   မောင်းနှင်အားများကို ပိုင်ဆိုင်ထားရှိသည်။

ထို့ကြောင့်   ကျောင်းသားလူငယ်များသည် လူ့အသိုင်းအဝိုင်းတွင်     အချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ စာနာထောက်ထားမှု၊ ရိုင်းပင်းကူညီမှု၊ ရင်းနှီးဖော်ရွေမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ အပြန်အလှန်လေးစားမှုတို့နှင့်   နေထိုင်ပြောဆို ဆက်ဆံကြပြီး စဉ်းစားဆင်ခြင်မှု အသိဉာဏ်ပညာများနှင့် ကြိုးစားအားထုတ်သွားမည်ဆိုလျှင် အောင်မြင်မှုများကို လက်တွေ့ ပိုင်ဆိုင်နိုင်ကြမည်ဖြစ်သည်။

အလေးထားဆောင်ရွက်လျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အသိပညာ၊ အတတ်ပညာ ပြည့်စုံသည့် ပညာတတ်များ ပေါ်ထွက်လာစေရန် အလေးထား ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့်  ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေး၊ ကျောင်းသား၊ ကျောင်းသူများအားလုံး အနည်းဆုံး   အလယ်တန်းအဆင့် (KG+9) ပြီးမြောက်ရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။  ထို့ပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ အလယ်တန်းအဆင့် ပြီးမြောက်အောင်မြင်ပြီး စိတ်ပါဝင်စားသူများ တက်ရောက်နိုင်သည့်  စက်မှု၊  စိုက်ပျိုး၊  မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း ၅၁ ကျောင်းကို ခရိုင် ၅၀ ၌ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်လည်း ခရိုင် ၃၄ ခရိုင်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၃၄ ကျောင်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်သည်။   ထူးချွန်ထက်မြက်သူများ အနေဖြင့်လည်း သက်ဆိုင်ရာ သိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ်များတွင် ဆက်လက်ပညာ သင်ယူနိုင်ကြမည်ဖြစ်သည်။

အမှန်တော့ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်တိုးတက်ရေးသည် မျိုးဆက်သစ်များ၏ ပညာရည်တတ်မြောက်မှု အဆင့်အတန်းပေါ်တွင် များစွာတည်မှီနေသည်ဆိုသော အချက်ကို ကမ္ဘာ့နိုင်ငံတိုင်းက တူညီစွာလက်ခံထားရှိကြသည်။ ထိုနည်းတူစွာပင် ကျွန်ုပ်တို့မြန်မာနိုင်ငံသည်လည်း မျိုးဆက်သစ်များ ပညာရည်မြင့်မားရေးအတွက် ရေတို၊ရေရှည် စီမံကိန်းများ ချမှတ်လျက်အမျိုးသားရေး အသွင်ဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။ အမှန်တော့ အသိပညာရှင်၊ အတတ်ပညာရှင် ပေါများသော နိုင်ငံတိုင်းသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့်နယ်ပယ်အားလုံးတွင် ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့ဦးဆောင်နိုင်ငံများအဖြစ် ရပ်တည်နိုင်လေ့ရှိကြသည်။ ဆိုရလျှင် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် မျိုးဆက်သစ်လူငယ်များ၏  ပညာတတ်မြောက်မှု အဆင့်အတန်းပေါ်တွင် များစွာတည်မှီလျက်ရှိသည်။

ပညာသင်ခြင်းသည် နိုင်ငံ၏ အနာဂတ်အတွက် မရှိမဖြစ်အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ဘက်စုံထူးချွန်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းရေးဘက်ပေါင်းစုံမှစဉ်းစားသုံးသပ်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံ့တာဝန် ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့်သူများကို ပြုစုပျိုးထောင်ရာတွင်”နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များ အနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန်အတွက် လူငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်ကို ပြောကြားလိုကြောင်း” နိုင်ငံတော်စီမ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က   ၂၀၂၃-၂၀၂၄   ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား  တွေ့ဆုံသြဝါဒ စကားမြွက်ကြားရာတွင်  ထည့်သွင်းပြောကြားခဲ့ရာ လူရည်ချွန်မောင်မယ်များထဲမှ       အနာဂတ်ခေါင်းဆောင်များ ပေါ်ထွက်လာရန်အထိ မျှော်လင့်ကာ ပြုစုပျိုးထောင်နေခြင်းပင်ဖြစ်သည်။         

နိုင်ငံတော်အနေဖြင့် မျိုးဆက်သစ် လူငယ်မောင်မယ်များကို ထူးချွန်ထက်မြက်သည့် လူရည်ချွန်များဖြစ်လာစေရေး ပြုစုပျိုးထောင်ပေးလျက် ရှိသည့်အပြင် ကိုယ်နှုတ်နှလုံးသုံးပါး ယဉ်ကျေးလိမ္မာပြီး  လူမှုရေး အသိစိတ်ဓာတ်များ ရရှိစေရန်၊ လူမှုအဖွဲ့အစည်းတွင် အဆင်ပြေစွာ  လိုက်လျောညီထွေနေတတ်စေရန်၊ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်တတ်စေရန်၊  ဦးဆောင်တတ်သူများဖြစ်လာစေရန်နှင့် နောက်လိုက်ကောင်းများဖြစ်စေရန်၊ လူလိမ္မာနှင့်လူမိုက်ကို ခွဲခြားသိရှိပေါင်းသင်း ဆက်ဆံတတ်စေရန်နှင့် စိတ်ထားမြင့်မြတ်ပြီး အဘက်ဘက်ကပြည့်စုံသည့်  လူရည်ချွန်လူရည်မွန်များ ဖြစ်လာစေရန် ပျိုးထောင်ပေးလျက်ရှိသည်။

ထို့ကြောင့် ပညာထူးချွန်ပြီး ထက်မြက်သည့် ဉာဏ်ရည်ဉာဏ်သွေးနှင့် အသိပညာ၊ အတတ်ပညာများ တတ်မြောက်သည့်အပြင် ကျန်းမာသန်စွမ်းခြင်း၊ ကြိုးစားအားထုတ်ခြင်း၊  စာရိတ္တကောင်းမွန်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ယဉ်ကျေးလိမ္မာခြင်း၊ မျိုးချစ်စိတ်ရှိခြင်းစသည့် ကောင်းမြတ်သော အရည်အသွေးများ ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ရရှိပိုင်ဆိုင်ကြစေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကိုအုတ်မြစ်ချ တည်ဆောက်နေခြင်းပင်ဖြစ်သည်။ အထူးသဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များကို နိုင်ငံတော်နှင့်တကွ အနာဂတ်မြန်မာ့ လူ့ဘောင်ကိုဖန်တီးရန် တာဝန်ရှိသူများ၊ ဖန်တီးနိုင်စွမ်းရှိသူများအဖြစ် ယုံကြည်ရဲရင့်လာကြစေရေး အတွက် အလေးအနက်ထား လေ့ကျင့်ပြုစု ပျိုးထောင်ကြပါစို့ဟု တိုက်တွန်းရေးသား လိုက်ရပါသည်။   ။