အောင်ရဲ့အောင်

အောင်ရဲ့အောင်

ယမန်နေ့မှအဆက်

“ဟေ့ကောင်...မိချောစု၊ လှည့်မကြည့်နဲ့နော်”

ဆန်းဆန်းမြင့်က အသံကျယ်ကျယ်နှင့်အော်သည်။

“အေးပါ၊ နင်ပြောတာနဲ့ လူကြားတယ်”

“ကြား...ကြားဟယ်”

“ငါမကြည့်ပါဘူးဆို ပြီးရောပေါ့၊ နင်ကလည်း”

“သစ္စာရှိရှိ တာဝန်သိသိနော်”

“အေးပါဆိုမှပဲ၊ မိဆန်းမြင့်က သည်းနေလိုက်တာ၊ ငါ လှည့်ကြည့်လိုက်ရနော်”

“ဟဲ့...နင် ဒီလိုမယုတ်နဲ့”

အောင်က အပြင်မှာ ရပ်စောင့်ရင်း တသောသော ရယ်မောနေသည်။

ချောစုက...

“အပြင်က ကောင်မကလည်း အဖြစ်သည်းနေလိုက် တာတော်၊   တို့လိုနှစ်ယောက်တွဲ  မချိုးရဲဘူးတဲ့၊ ငါ အဖော်စပ်လို့ ဘယ်တော့မှမရဘူး၊ ရေချိုးခန်း တစ် ယောက်တည်း တံခါးပိတ်နေတော့ ကောင်မတွေက ငြူစူဦးမယ်”

အတင်းပြောသလို လုပ်နေသည်။ ဆန်းဆန်းမြင့်က ရယ်သံ ဗလုံးဗထွေးနှင့်...

“မိအောင်ဆိုတဲ့  ကောင်မလား၊  သူက သူ့လင် ‘အောင်ကိုလတ်’နဲ့မှတဲ့”

“သေကြတဲ့”

အောင်က အပြင်မှ လှမ်းအော်လိုက်သည်။

ချောစုတို့၊ ဆန်းဆန်းမြင့်တို့ ရေချိုးအပြီး အောင်က ဘယ်သူမှ ရောက်မလာခင် ကပျာကယာ ဝင်လိုက် သည်။ သူဝင်လို့ မကြာမီပင် ခရစ္စတင်းက လိုက်ဝင်လာ လေသည်။ အင်္ဂတေကိုင်ထားသော အုတ်ကန် ပေါင်ပေါ် အောင်က ဆပ်ပြာခွက်တင်ဆဲ။

ခရစ္စတင်းက ရေချိုးခန်းတံခါးကို ပိတ်လိုက်လေ တော့သည်။

အောင်က ရှီတင်ထဘီဟောင်း   ရေလဲပေါ်တွင် ရေတစ်ခွက်နှစ်ခွက်လောင်းချိုးဆဲ။

“ချာတိတ်ကလည်း ရှက်နေလိုက်တာကွယ်၊ ရည်း စားရှိတဲ့လူကများ ရှက်နေရသေးလား”

“အိုး...ဘာဆိုင်လို့လဲ”

သည်တစ်ခါတော့ အောင်သည် ခရစ္စတင်းကို စိတ် ဆိုးစပြုလာလေသည်။

ခရစ္စတင်း၏ တမင်လုပ်ကာ ရယ်နေသော အသံနေ အသံထားကို စိတ်ထဲက ဝေဖန်စပြုလာလေသည်။

အောင်တို့က တမင်လုပ်ပြောသော အသံ၊

ရယ်သောအသံတွေကို ‘ရန်ကုန်သံ’ ဟု ခေါ်သည်။

“ဆိုင်တာပေါ့ ချာတိတ်ရဲ့၊ ရည်းစားရှိတယ်ဆို စဉ်းစားကြည့်ပေါ့”

“အောက်တန်းကျတယ်”

အောင်က သူသုံးနေကျ စကားတစ်ခွန်းနှင့် နာအောင် ခံပက်လိုက်သည်။

အောင် သည်စကားမျိုး ခဏခဏပြောတာကို ကိုအောင်က မကြိုက်။

အဆင့်အတန်းခွဲသည်တဲ့။

အောင်ဆိုလိုသော ‘အောက်တန်းကျတယ်’ ဆိုတာ စိတ်နေသဘောထားနှင့် အပြုအမူကို ပြောလိုတာပါ။

“ယူ့ရည်းစားက အသားဖြူဖြူနဲ့ လူလား၊ အသား ညိုညိုနဲ့ လူလား”

“အသားဖြူဖြူ”

အောင်သည် မကောင်းတတ်၍ အဖြေပေးလိုက် သည်။

ဆပ်ပြာကို ကပျာကယာတွန်းသည်။ ရေကို မြန်မြန် ချိုးချင်လှပြီ။

“အသားညိုညိုတစ်ယောက်က ပိုပြီး Attraction (ဆွဲဆောင်မှု) ရှိတယ်နော်”

“မသိဘူး”

“ဒီလူက  ယူ့ First Lover  (ပထမဆုံးချစ်သူ)လား”

အောင်က ခေါင်းကိုသာ တစ်ချက် ညိတ်ပြလိုက်ရ လေသည်။

အခန်း(၃၈)

ထို့နောက် ရေချိုး၍မဝခင် ရေချိုးခန်းထဲက ကပျာ ကယာထွက်ခဲ့လေသည်။

ရယ်မောသံသဲ့သဲ့သည် ရေချိုးခန်းထဲတွင် ကျန်ရစ် သည်။

အောင့်မျက်နှာမှာ နီပြီး ရှက်နေသည်။

ဘယ်လိုမိန်းမစားလဲ၊ အောင် မစဉ်းစားတတ်။

လောကကြီးမှာ သည်လိုမိန်းမစားတွေ အများကြီး ပဲလား။

အောင် တွေးပြီး စိတ်ပူမိသေးသည်။

တစ်ခါတုန်းက ကိုလတ်စာထဲမှာ ထည့်ရေးတာ သတိရမိသေးသည်။

လိင်ပြဿနာရေးရာတွေမှာ နစ်မြုပ်နေတတ်တဲ့ လူစားတွေဟာ စိတ်မချရဘူးတဲ့။

ရင်ရင်ထိုက်လည်း သည်လိုပါပဲ။

ငယ်ငယ်ကတည်းက ကျောင်းနေဖက်ပဲ။ သူ့ အကြောင်းကို အပ်ကျတာကမကျန် သိတာပေါ့။

ရင်ရင်ထိုက်ရဲ့ ကိုယ်လုံးပုံစံဟာ တစ်နေ့တခြား ပုံပျက်လာပြီတဲ့။

ဆန်းဆန်းမြင့်ကပြောသည်။

အိပ်၊ စား၊ ကာမ ဤသုံးဝနှင့်သာ အချိန်ကုန်တဲ့ လူတွေကို တန်ဖိုးမရှိတဲ့လူတွေလို့ သတ်မှတ်ထားတာပဲ။

အောင် ဆောင်းပါးတစ်စောင်တွင် ဖတ်ရဖူးသည်။

လောကကြီးတွင် မိမိကိုယ်မိမိ တန်ဖိုးရှိအောင် နေဖို့အရေးကြီးသည်။

လွန်ခဲ့သော အနှစ် ၇၀ ကျော်က ဘုန်းတော်ကြီး ဦးသီလဟောခဲ့တာတဲ့။     

ဆက်လက်ဖော်ပြပါမည်။