ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်အသစ် တည်ဆောက်ရေး လုပ်ငန်းခွင်အား ဒုတိယဝန်ကြီး ဦးသန့်စင် ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်အသစ် တည်ဆောက်ရေး လုပ်ငန်းခွင်အား ဒုတိယဝန်ကြီး ဦးသန့်စင် ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဧပြီ  ၂၇

စွမ်းအင်ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးသန့်စင်သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းနှင့် ရတနာစုကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်အသစ် တည်ဆောက်ရေးလုပ်ငန်း၏ ဆိုင်ဧရိယာ အတွင်း အရောင်းဆိုင်အဆောက်အအုံများ ဆောက်လုပ်ခြင်း၊   ရေနံဓာတ်ငွေ့ရည် သိုလှောင်ကန်နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း၊ မြေထိန်းနံရံများနှင့် အုတ်တံတိုင်းခြံစည်းရိုးများကာရံခြင်း၊ ကွန်ကရစ် လမ်းခင်းခြင်းနှင့် မီးသတ်ရေလှောင်ကန် တည်ဆောက်ခြင်း လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာတာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက် ရန် ကျန်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက   ရှင်းလင်းတင်ပြရာ    ဒုတိယဝန်ကြီးမှ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် ထင်း၊ မီးသွေး သုံးစွဲမှုလျှော့ချနိုင်ရေး၊ လူနေမှုစနစ်မြင့်မားစေရေးအတွက်   ရေနံဓာတ်ငွေ့ရည်ကို တွင်ကျယ်စွာ အစားထိုးအသုံးပြုလာနိုင်စေရန် တွန်းအားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်အသစ်ကို ၂၀၂၄ ခုနှစ်အတွင်း အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည် အသွေး၊ စံချိန်စံညွှန်းကိုက်ညီမှု ရှိစေရေးနှင့် ဘဏ္ဍာငွေလေလွင့်မှုမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ အလေးထား ကြပ်မတ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လာမည့်မိုးရာသီတွင် သီးပင်၊ စားပင်နှင့် အရိပ်ရ လေကာပင်များ စနစ်တကျစိုက်ပျိုးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားရန်ဖြစ်ကြောင်းနှင့် အနာဂတ် တွင် ရေနံဓာတ်ငွေ့ရည်အား သယ်ယူပို့ဆောင်ရေးကဏ္ဍကိုပါ တိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေး ခဲ့ကြောင်း သိရသည်။    

 (သတင်းစဉ်)