ဥတ္တရသီရိမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်၊ ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာအုပ်စုတွင် ဒေသခံ တောင်သူများနှင့်တွေ့ဆုံ

ဥတ္တရသီရိမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်၊ ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာအုပ်စုတွင် ဒေသခံ တောင်သူများနှင့်တွေ့ဆုံ

နေပြည်တော်  ဧပြီ  ၂၇

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ သိရှိနားလည်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင် ပံ့ပိုးကူညီဆောင်ရွက်နိုင်စေရန်၊ လူမှုကွန်ရက်မီဒီယာများနှင့် တရားမဝင် သတင်းဌာနများက   ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းမှားများကို အယုံလွယ်လမ်းမှား မရောက်ရှိစေရေး၊ တရားဝင် သတင်းဌာနများ၏   ထုတ်ပြန်ချက်များကိုသာ လေ့လာနိုင်ရေး အသိပညာပေးဆောင်ရွက်ရန်ရည်ရွယ်၍   ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌   ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ  ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက  ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးသည့် နောက်တွင် ပြည်သူ လူထုအကြား ထိတ်လန့်တုန်လှုပ်ချောက်ချားစေရေး ရည်ရွယ်ချက်ထားပြီး လုပ်ကြံဖန်တီးမှု လုပ်ရပ်များ ကို တွေ့ရပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေတွင်  သတ်မှတ်ထားသည့် အသက်အရွယ်အတွင်းမှာ  ဥပဒေနှင့် ကိုက်ညီသူများထဲမှ ပညာသင်ကြားနေသူ၊ မိအိုဖအိုပြုစုလုပ်ကျွေးနေရသူ၊  နိုင်ငံ့ဝန်ထမ်းများ၊  ကျန်းမာရေးကြောင့် ဆေးကုသမှုခံယူနေရသူများကို ယာယီရွှေ့ဆိုင်းပေးထားမည်ဖြစ်ပြီး ပြည်သူ့ စစ်မှုထမ်းရန် မသင့်လျော်သူများကိုလည်း အကြောင်းမဲ့သက်သက် ခေါ်ယူမည်မဟုတ်သလို ယခု ကာလတွင်လည်း အမျိုးသမီးများကို ပြည်သူ့စစ်မှုထမ်း ခေါ်ယူရန်မရှိသေးကြောင်း သတင်းထုတ်ပြန် ထားရှိပြီး ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် ဥတ္တရခရိုင်ဥပဒေအရာရှိ ဦးကျော်ဌေးတို့က  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် စစ်မှုထမ်းဆောင်ကြပါစို့ Video Clip နှင့် သမိုင်းပေး တာဝန် Video Clip တို့ကို ပြသသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူ များအား   ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့် အတူ ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၇၂) ရှိ ရှင်းလင်းဆောင်၌ ဒေသခံ တောင်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များကို ပြောကြားပြီး တောင်သူများကို သဘာဝမြေသြဇာများနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များကို ထောက်ပံ့ ပေးအပ်သည်။

ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက လိုအပ်သည်များကိုတင်ပြကြရာ    နေပြည်တော် ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးပြီး ရွာမကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၇၂)ရှိ အောင်မြင်ဖြစ်ထွန်းနေသည့် နွေစပါး စိုက်ခင်းကို ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နေပြည်တော် ဒက္ခိဏသီရိ ဈေးအတွင်း၌ မေလ ၁ ရက်တွင်ကျရောက်မည့် အလုပ်သမားနေ့အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပမည့် အခြေအနေများနှင့် ဆိုင်ခန်းများတည်ဆောက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ခင်းကျင်းရောင်းချမည့် ထုတ်ကုန်အခြေအနေများနှင့် ဆိုင်ခန်းများတည်ဆောက်နေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်း ပွဲတော်ကျင်းပမည့် ဆိုင်ခန်းများ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

မေလ ၁ ရက်တွင်ကျရောက်မည့် အလုပ်သမားနေ့အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန် ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်  ဒက္ခိဏသီရိဈေးအတွင်း၌ ဒေသထွက် One Region One Product ထုတ်ကုန်များနှင့် MSME ထုတ်ကုန်များကို ဆိုင်ခန်းပေါင်း ၅၀ ဖြင့် မေလ ၁ ရက်မှ ၅ ရက်အထိ ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။  

(သတင်းစဉ်)