တောင်တွင်းကြီးမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ နွေရာသီကာလ သောက်သုံးရေအခက်အခဲမရှိစေရန် ရေရရှိရေးလုပ်ငန်းများစစ်ဆေး

တောင်တွင်းကြီးမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ နွေရာသီကာလ သောက်သုံးရေအခက်အခဲမရှိစေရန် ရေရရှိရေးလုပ်ငန်းများစစ်ဆေး

တောင်တွင်းကြီး၊ ဒေသဖွံ့ဖြိုးရေး

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဧပြီလ ၂၆ ရက် နံနက်ပိုင်းတွင် ငါန်းကျကျေးရွာနှင့် သရက်စုကျေးရွာတို့၌   ပြည်ထောင်စု ရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာရေရရှိရေး လုပ်ငန်းများ ပုံမှန်လည်ပတ်အသုံးပြုမှု အခြေအနေနှင့် နွေရာသီကာလ    သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်းဌေး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးခုတ်မွန်းလျန်နှင့် ဝန်ထမ်းများက  ကျေးရွာကော်မတီဝင်များနှင့်အတူ ငါန်းကျကျေးရွာ၌ အကျယ် ၄ လက်မ၊ အနက်ပေ ၆၀၀ ရှိသော စက်ရေတွင်းအခြေအနေများ၊ ဂါလန် ၅၀၀၀ ဆံ့ရေစုကန် အခြေအနေများ၊ အလျား ၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၇ ပေရှိသောရေစက်ရုံအခြေအနေများ၏ ပုံမှန်လည် ပတ်နိုင်ခြင်း ရှိ၊ မရှိ၊ သရက်စုကျေးရွာ၌ အကျယ် ၄ လက်မ၊ အနက်ပေ ၆၀၀ ရှိသော စက်ရေတွင်း အခြေအနေများ၊ ဂါလန် ၂၄၀၀  ဆံ့စင်မြင့်ရေစင်၏ ပုံမှန်လည်ပတ်အသုံးပြုနိုင်မှု ရှိ၊ မရှိအခြေအနေများ၊ နွေရာသီ ကာလသောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်နိုင်ခြင်း ရှိ၊ မရှိ အခြေအနေများကို  ကြည့်ရှု စစ်ဆေးကြသည်။

ယင်းနောက် မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ကျေးရွာတာဝန်ရှိ သူများ၊ ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

တောင်တွင်းကြီးမြို့နယ် ငါန်းကျကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာရေရရှိရေး လုပ်ငန်း များကို ပြည်ထောင်စုရန်ပုံငွေကျပ် ၃၇ ဒသမ ၁၇၅ သန်းဖြင့် ဆောင်ရွက်ပြီးစီးကြောင်းနှင့် သရက်စုကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာရေရရှိရေးလုပ်ငန်းများကို တိုင်းဒေသကြီး ရန်ပုံငွေကျပ် ၄၀ ဒသမ ၃၈၈ သန်းဖြင့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မကွေးခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကိုနိုင်(ကျေးလက်)