ပဲခူးတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်းဆောင်ရွက်

နေပြည်တော်  ဧပြီ  ၂၇

ပဲခူးတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့်  လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်းကို ဧပြီလ ၂၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဝေါမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ၆၄ ခုမှ ပြည်သူ ၃၄၂ ဦး၊ ဒိုက်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စု ၅၃ ခုမှ ပြည်သူ ၃၁၀ ဦး တက်ရောက်ပြီး စုစုပေါင်း ၆၅၂ ဦး လက်တွေ့စမ်းသပ် မဲပေးလေ့လာကြသည်။

ဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးစိုးဦးနှင့် တိုင်းဒေသကြီး/ခရိုင်၊   မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက MEVM စက်ဖြင့်  စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသဆောင်ရွက်ကြပြီး တက်ရောက်လာကြသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ နှင့် မဲဆန္ဒရှင်ပြည်သူများက  စိတ်ပါဝင်စားစွာ လက်တွေ့ စမ်းသပ်မဲပေးခဲ့ကြသည်။ စမ်းသပ်မဲပေးသူ များက ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့သည့် အတွေ့ အကြုံများအရ နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် ပိုမို ကောင်းမွန်စေမည့်  အကြံပြုချက်များကို လည်းပေးခဲ့ကြသည်။   မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဉ်ကို ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)