တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ယာဉ်အပို ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ယာဉ်အပို ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ  ၂၇

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ   တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၃)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် Ceramic Tiles (၄၄၄၄ ဒသမ ၂)စတုရန်းမီတာ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၉၃၀၉၇၂)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီလ ၂၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် စစ်ကိုင်းမြို့၊ ရတနာပုံ တံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Nissan X-Trail မော်တော်ယာဉ်(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀)နှင့် တရုတ်နိုင်ငံထုတ် Master တံဆိပ် ပဲငံပြာရည် (၃၀၀)ဖာ အပါအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၆၈၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၀၆၈၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီလ ၂၆ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ် (၁)စီး ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Cook and Lobster ငါးငံပြာရည် (၆၀၀)ပုလင်း၊ Honda မော်တော်ဆိုင်ကယ်(၃)စီး အပါအဝင် ကုန်ပစ္စည်း (၇) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၈၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Young Man Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် (၁၄ ဒသမ ၈၂၀)တန်၊ သစ်မာ(၁ ဒသမ ၆၀၃)တန်နှင့် အခြားသစ်(၁ ဒသမ ၇၀၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၄၄၃၉၀)ကို သစ်တော ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၈၂၄၃၉၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီလ ၂၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ငယ်-ထုံးဘိုတိုးဂိတ် အနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် အိန္ဒိယနိုင်ငံထုတ် VK ကားတာယာ (၃၀)လုံးအပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းများအရလည်းကောင်း၊ ရတနာပုံ တံတား(မန္တလေး)စစ်ဆေးရေးစခန်း၌ ဆီသယ်ယာဉ်(၁)စီးပေါ်မှ တရားမဝင် စက်သုံးဆီ ပရီမီယမ် ဒီဇယ်ဆီ (၈၇၉၉)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၇၈၉၀၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင် လာသည့် Dong Feng Dump Truck (၁)စီးနှင့် ဆီသယ်နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေအရလည်း ကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၄၇၈၉၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီလ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၁၅၆၁၂၃၆၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။             

 (သတင်းစဉ်)