မလေးရှားနိုင်ငံ၌ကျင်းပမည့် ISTAF WORLD CUP 2024 ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ မြန်မာ့ လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

မလေးရှားနိုင်ငံ၌ကျင်းပမည့် ISTAF WORLD CUP 2024 ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ မြန်မာ့ လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်၊ အားကစား

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ တီတီဝမ်ဆာအားကစားကွင်း၌ မေလ ၂၁ ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် ISTAF WORLD CUP 2024 ကမ္ဘာ့ပိုက်ကျော် ခြင်းပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင်ပိုက်ကျော် ခြင်းအသင်း    သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းတွင် အသင်း အုပ်ချုပ်သူအဖြစ် ဦးအောင်မျိုးစံမြင့်၊ နည်းပြအဖြစ် ဦးအောင်ချိုမြင့် တို့လိုက်ပါ ပြီး ကစားသမားများတွင် (နောက်ထိန်း) ထူးအောင်ကျော်၊  သန့်ဇင်ထွန်း (ခ) ဓာတ်လုံး၊ မင်းသန့်သူ၊  ဝင်းကျော်၊ (လစ်)ဝင်းဇော်ဇော်ဦး(ခ)တရုတ်ကြီး၊ ဇင်ကိုကို၊ ဇင်မင်းဦး(ခ) အားဒစ်၊ အောင်မျိုးကျော်(ခ)မျိုးလေး၊ (ဖိုက်တာ) ရှိန်းဝဏ္ဏဇော်(ခ)ရှိန်းလေး၊ စစ်လင်းထွဋ်၊ ဖေငြိမ်းချမ်း၊ ရန်ပိုင်ဦး(ခ) ကျောင်းတိုက်တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြိုင်ပွဲတွင်  Regu Event၊ Team Event  နှင့်  Double Event ပါဝင်ပြီး Premier တန်းနှင့် Division တန်းဟူ၍ ခွဲခြားယှဉ်ပြိုင်ရမည်ဖြစ်ကာ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့မှ လက်ရွေးစင်အသင်းများသည် Premier တန်းတွင် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။ ယခင် ပြိုင်ပွဲများကဲ့သို့    မိမိတို့အားသာသည့် Division ကို  ရွေးချယ်ခွင့်မရှိဘဲ Event အားလုံး ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

ယခုသွားရောက်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲသည် ပြိုင်ပွဲဝင်အသင်းများ၏ ရလဒ်နှင့် ကစားသမားများ၏  အရည်အသွေးပေါ်မူတည်၍ နိုင်ငံများအား အဆင့်သတ်မှတ်မည့်ပြိုင်ပွဲဖြစ်သည်။

ပြိုင်ပွဲသို့ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ အိန္ဒိယ၊    တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဂျာမနီ၊ ပြစ်သစ်၊ နီပေါ၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ပါကစ္စတန်၊  တရုတ်(တိုင်ပေ)၊ ဆော်ဒီအာရေဗျနိုင်ငံတို့ပါဝင်သည်။

မြန်မာအသင်းသည် Premier  တန်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး  Regu Event  ပြိုင်ပွဲတွင် အိန္ဒိယ၊ ဂျပန်တို့နှင့် အုပ်စု(ဒီ)တွင်လည်းကောင်း၊ Double Event ပြိုင်ပွဲတွင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့နှင့် အုပ်စု(စီ)တွင်လည်းကောင်း၊ Team Event ပြိုင်ပွဲတွင် ဖိလစ်ပိုင်၊ တောင်ကိုရီးယားတို့နှင့် အုပ်စု(ဒီ)တွင် လည်းကောင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

  ဝန်းရံခ