အာဆီယံစီးပွားရေး အသိုက်အဝန်း(ASEAN Economic Community-AEC) ၂၀၂၅ ၏ လုပ်ငန်းကော်မတီတွင် ပါဝင်သည့်စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီ၏ ၁/၂၀၂၄ ညှိနှိုင်း အစည်းအဝေး ကျင်းပ

 

အာဆီယံစီးပွားရေး အသိုက်အဝန်း(ASEAN Economic Community-AEC) ၂၀၂၅ ၏ လုပ်ငန်းကော်မတီတွင် ပါဝင်သည့်စားရေရိက္ခာ၊  စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီ၏ ၁/၂၀၂၄ ညှိနှိုင်း အစည်းအဝေး ကျင်းပ

 

နေပြည်တော် ဧပြီ ၂၈

အာဆီယံ  စီးပွားရေး အသိုက်အဝန်း (ASEAN Economic Community-AEC) ၂၀၂၅ ၏ လုပ်ငန်းကော်မတီများတွင် ပါဝင်သည့် စားရေရိက္ခာ၊  စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီ၏ ၁/၂၀၂၄ ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၆ ရက် မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အာဆီယံစားရေ ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအတွက် မျှော်မှန်းချက်၊ မဟာဗျူဟာအစီအစဉ်(၂၀၂၁-၂၀၂၆) နှင့် အာဆီယံစီးပွားရေး အသိုက်အဝန်း(၂၀၂၅) တွင်ပါရှိသော လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ အနေဖြင့် အခြားသော အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တန်းတူပါဝင်ဆောင်ရွက်လျက် ရှိသည့်အတွက် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် အတွင်း ကြုံတွေ့ရသည့်အခက်အခဲ၊ စိန်ခေါ်မှု၊ ရရှိခဲ့သည့်အကျိုးကျေးဇူးများကို ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များကို သတ်မှတ် နိုင်ရေးအတွက် ယခုအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေးကြရန် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၀၄ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ပြီး အစည်းအဝေးများ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် တတိယအကြိမ် အလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်၍ အာဆီယံအဖွဲ့ဝင်  နိုင်ငံအားလုံးအတွက် လက်တွေ့ဖော်ဆောင်နိုင်ပြီး မှတ်ကျောက်တွင် ကျန်ရစ်စေမည့် လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းများ ရေးဆွဲတင်ပြနိုင်ရေး ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍  လုပ်ငန်းကော်မတီ၏ အတွင်းရေးမှူးက  အာဆီယံစီးပွားရေး အသိုက်အဝန်း  အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ၏ ပါဝင်ဆောင်ရွက်ရသော အခန်းကဏ္ဍ၊ စားရေရိက္ခာ၊ စိုက်ပျိုးရေး နှင့်  သစ်တောကဏ္ဍ၏ မျှော်မှန်းချက်၊ ပန်းတိုင်နှင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဆောင်ရွက်ချက်များ၊  ၂၀၂၄  ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်ရမည့် (၄၆)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက် လာကြသည့် လုပ်ငန်းကော်မတီအဖွဲ့ဝင် များနှင့် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များမှ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း လုပ်ငန်းအဖွဲ့အလိုက်   ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများ၊ ကြုံတွေ့ရသည့် အခက်အခဲ နှင့် စိန်ခေါ်မှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်သင့်သော လုပ်ငန်းများကို     တင်ပြဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက ပြန်လည် သုံးသပ်၍ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး မှာကြားကြောင်း သိရသည်။