အောင်ရဲ့အောင်

အောင်ရဲ့အောင်

ယမန်နေ့မှအဆက်

မည်သူမဆို သူတစ်ပါးက ကြည်ညိုအောင် ဟန်ဆောင်နိုင်ကြ၏။ သို့ရာတွင် မိမိကိုယ်တိုင်ကြည်ညို အောင်ကား ဟန်မဆောင်နိုင်ကြချေ။ အကြောင်းကား မိမိကိုယ်တိုင်လွန်ကျူးထားသောအမှုများကို သူတစ်ပါး မသိသော်လည်း သူကိုယ်တိုင်ကား မသိဘဲမနေနိုင်။ သိပြီးဖြစ်နေသော ကြောင့်တည်း။

ထို့နောက် အောင် မှတ်သားထားသော ဤဆောင်းပါးတွင် “ဘေးနှစ်မျိုး” ဆိုတာရှိသည်တဲ့။

မိမိကိုယ်ကိုမိမိ စွပ်စွဲသောဘေး။

အတ္တာနုဝါဒဘေး။

သူတစ်ပါးက စွပ်စွဲသောဘေး။

ပရာနုဝါဒဘေး။

သူတစ်ပါးစွပ်စွဲသောဘေးကား ဖြေရှင်းရှောင်တိမ်းလို့ရနိုင်၏။ အတ္တာ နုဝါဒဘေးကား ဖြေရှင်းရှောင် တိမ်း၍ မရနိုင်ပေတဲ့။

အိပ်ရာဝင်၍ ခေါင်းအုံးပေါ်မှာ ခေါင်းချလိုက်သည်နှင့်တစ်ပြိုင်နက် ငါဟာ ဘယ်လိုလူစားလဲဟူသော အသိပေါ်လာတတ်သည်။

သို့ကြောင့် ငါ့အကြောင်းကို ခေါင်းအုံးအသိဆုံးဟု ဆိုစမှတ်ပြုကြလေ သည် ဆိုထားသည်။

“ငါ့အကြောင်း ခေါင်းအုံးအသိဆုံးတဲ့” သည်စကား အောင် သိပ်ကြိုက်သည်။

သေခါနီးဆဲဆဲလူတွေဟာ ကိုယ်လုပ်ခဲ့သမျှကုသိုလ်၊ အကုသိုလ်တွေ ကို ဝေဒနာနှင့်တွဲလျက်ပေါ်လာပြီး ကိုယ်လားရာဘဝကို အာရုံနိမိတ်၌ ထင်လာတတ်သည်ဟု ဘကြီးကပြောဖူးသည်။

ရုတ်ခြည်း အောင့်ခေါင်းထဲ၌ ကိုလတ်နှင့်ကိုအောင်တို့ကို အတွေးထဲ ပေါ်လာသည်။

သူတို့နှစ်ယောက် ကုသိုလ်တွေအပြုများသလား၊ အကုသိုလ်တွေ အပြု များသလား။

ပြောစရာရှိတာတစ်ခုကတော့ ကိုလတ်၊ ကိုအောင်တို့ဟာ နိဗ္ဗာန်ထက် ဘဝကို ပိုချစ်မိတယ်တဲ့။

သူတို့မှာ အဘိဇ္ဈာတွေ၊ လောဘတွေ သူများထက် ကင်းတာတော့ အမှန်ပါပဲ။

လူအများစုအတွက် လမ်းသစ်တစ်ခုကို ထွင်လို့တော့ လျှောက်နေတာပဲ။

ဒါကို ဘယ်လိုဝေဖန်ကြမည်လဲ။

သက္ကာယဒိဋ္ဌိလား။

ဘဝကို ခင်တွယ်တာလား။

အပြစ်ကင်းစင်တဲ့ သုစရိုက် ၁၀ ပါးဝင်လား။

သန့်စင်တဲ့သီလပေလား။

အောင်သည် စာအုပ်တွေချပြီး ဘကြီးနှင့် တစ်ခါဆွေးနွေးဖူးသည်။

မရှင်းလင်းမပြေလည်လှ။

ဦးနှောက်သည် နုနယ်လွန်းသဖြင့် အယူအဆတွေ ရှုပ်ထွေးနေတာ အမှန်ပင်။

ဘကြီးက ရယ်မောလျက် အောင့်ခေါင်းကိုပုတ်ရင်း “နင်ရူးသွားမယ်၊ သိပ်မစဉ်းစားနဲ့” ဟုပြောသည်။

သည်လောက၌ အောင် မသိသေးသောအကြောင်းအရာတွေ အများ ကြီးရှိနေလိမ့်မည်ထင်သည်။

အခန်း (၃၉)

အောင် မုန့်ဟင်းခါးချက်တတ်သည်ဆိုတာကို ကိုလတ်၊ ကိုအောင်၊ ဒေဝနှင့် ဗလတို့ ဘယ်သူမှမယုံ။

ဝိုင်းဟားနေကြသည်။

ချောစု၊ မမစံနှင့် ဆန်းဆန်းမြင့်တို့က ထောက်ခံပြောတာတောင် “အချင်းချင်းရိုင်းပင်းကြတာကိုး” ဟု ဒေဝတို့က စွပ်စွဲသည်။

ဒေဝနှင့်ဗလတို့ ရန်ကုန်ရောက်တုန်း အောင်က သူ့ဘကြီးအိမ်မှာ သူ့မုန့်ဖိုးနှင့်သူ မုန့်ဟင်းခါးချက်ကျွေးဖို့ တာဝန်ယူသည်။

ဘာလိုလိုနှင့် အောင် အလကားနေရင်း ၂၃ နှစ်တင်းတင်းပြည့်မည်ပဲ။

အသက်တွေက ကျောင်းပိတ်ရင်း ကြီးသွားတာပဲ။

အချိန်ဆိုတာ လူတွေကို စိတ်ရှည်ရှည်နှင့် လက်တွဲစောင့်ခေါ်တဲ့အရာ မျိုးမှမဟုတ်တာ။

သူက သူ့အလုပ်ကို လုပ်သွားတာပဲ။

ဘယ်သူ့ကို စောင့်နိုင်မတုံး။

“ကိုလတ် အသက်ဘယ်လောက်ရှိပြီလဲ” ဟု ထိုနေ့ကမေးမိသည်။

မဆင်မခြင်စကားပြောသောဒေဝက “နင့်နှယ်ဟယ် ကလေးရမှပဲ မေးပါတော့” ဟု ဝင်ပြောသဖြင့် ချောစုတို့က ဒေဝကိုဝိုင်းအော်ပြီး တဖြန်း ဖြန်းရိုက်ကြသည်။

ဒေဝက စပ်ဖြဲဖြဲနှင့် အလိုက်မသိပြောမိတာကို နောင်တရဟန်မတူဘဲ ရယ်နေသည်။

အောင်သည် မတ်တတ်ရပ်နေရာမှ ဒူးတွေက အလိုလိုညွတ်လာသဖြင့် ထိုင်ချလိုက်တော့ လက်ကကိုင် ထားသော ကြွေပန်းကန်ငယ်တစ်ချပ်သည် လွတ်ကျသွားသည်။

“ဟော...ဟော”

ကိုအောင်ကပြောရင်း မြုံစိစိနှင့်ပြုံးနေသည်။

ကိုအောင်တစ်ယောက် နောက်ချင်၊ ပြောင်ချင်သလိုနှင့် အဲဒီလိုပြုံးတာကို သိပ်မုန်းတာပဲဟု အောင်က စိတ်ထဲကတွေးရင်း ကိုအောင့်ကို မျက်စောင်းထိုးလိုက်လေသည်။

ဆက်လက်ဖော်ပြပါမည်။