ကဆုန် နယုန်ဆွေ့ဆွေ့ခုန်သော ပူပြင်းသည့်လရာသီမှာ သတိပြုစရာ

ကဆုန် နယုန်ဆွေ့ဆွေ့ခုန်သော ပူပြင်းသည့်လရာသီမှာ သတိပြုစရာ

မြန်မာနိုင်ငံရာသီဥတုမှာ မတ်လ၊  ဧပြီ လနှင့်  မေလတို့တွင် ပူပြင်းလေ့ရှိသည်။ အထူးသဖြင့်   မေလတွင်   မိုးတစ်ပြိုက် နှစ်ပြိုက်ရွာပြီး ပြန်ပူသောအခါ နေထိုင်မကောင်းဖြစ်လေ့ရှိသည်။ ပြက္ခဒိန်တွင် မြန်မာလ ရာသီအားဖြင့် ကဆုန်၊ နယုန်လ တို့သည် မနေနိုင်အောင် ပူပြင်းသောလ များဖြစ်သဖြင့် ရှေးလူကြီး များက  ကဆုန်၊ နယုန်ဆွေ့ဆွေ့ခုန်ဟု စာဆိုခဲ့ခြင်းဖြစ်မည် ဟုထင်သည်၊ အမှန်ပင်။ လေမတိုက်ဘဲ ပူအိုက်နေသောအခါများတွင် အိမ်အနီးရှိရေကန်နှင့် သောက်ရေအိုးများမှ ရေများပါပူပြီး မချိုးနိုင်၊  မသောက်နိုင်ဖြစ်ရသည်ကို ဤလတွင် တွေ့ကြုံရသည်။

ပြီးခဲ့သောနှစ်ပိုင်းက စာရေးသူ၏ တိုင်းရင်းဆေးအကြောပြင် ဆေးကုခန်းသို့ မန္တလေးမြို့အနီး   စဉ့်ကိုင်ရပ်မှ ဆရာတော်တစ်ပါးကို ကားဖြင့်ပင့်လာကြသည်။ ဆရာတော်ကြီးမှာ သက်တော် ၈၀ ပြည့်၍ ၈၁ နှစ်အတွင်းသို့ပင် ရောက်ရှိနေပြီဖြစ်သည်။ ညာဘက်တစ်ခြမ်း ခြေ၊ လက် ကောင်းစွာမလှုပ်နိုင်။  လေဖြတ်သကဲ့သို့ ဖြစ်ပြီး ပုဂ္ဂလိကဆေးရုံတစ်ခုတွင် ကုသမှုခံယူပြီး ဆေးရုံမှ   ဆင်းလာခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ဆရာတော်သည် လေဖြန်းသလိုဖြစ်မည့်နေ့က နေ့ခင်းပိုင်း အလွန် ပူပြင်းသဖြင့် ညပိုင်း၇ နာရီ၊  ၈  နာရီအတွင်း၌ အပင်များကို ရေလောင်းသည်ဟုဆိုသည်။ ရေလောင်းသောအခါ ခန္ဓာကိုယ်အောက် ပိုင်းကိုလည်း  ရေအနည်းငယ်စိုသည်။  အိပ်ချိန်တွင် ရေစိုသည့်သင်္ကန်းများကို  လဲလှယ်ပြီး  ဘုရားဝတ် ပြုပြီးနောက် အိပ်ရာဝင်သည်။ နံနက်လင်းပိုင်းရောက်သောအခါ ဆရာတော်ကြီးသည် ရုတ်တရက် အိပ်ရာမှထသောအခါ မထနိုင်။ ပြန်လဲကျသဖြင့် အနီးအနားမှ ဦးပဉ္စင်းနှင့် ကိုရင်လေးများကို  လှမ်းခေါ် အကူအညီတောင်းပြီး ထရသည်ဟု ဆိုသည်။

ဆရာတော်ကြီးသည် သင်္ကန်းကိုလည်း မိမိညာလက်ဖြင့်မရုံနိုင်။ ညာခြေဖြင့်လည်း မတ်မတ်ရပ်ပြီး လမ်းမသွားနိုင်။ သို့သော် စကားကို      ပီသအောင်ပြောနိုင်သည်။ ခေါင်းမူးနောက်ခြင်းမရှိ။   ထိုင်ပေးလျှင် လည်း ကောင်းစွာထိုင်နိုင်သည်။ ကျောင်းမှ ဦးပဉ္စင်းများက လေဖြတ်မသွားစေရန်   အချိန်မီဆေးရုံသို့ ပို့ပေးရန် စီစဉ်ကြသည်။

ဆေးရုံရောက်သောအခါ ဆရာတော်ကို ရောဂါရှာဖွေကြသည်။ ခေတ်မီစက်ကြီး များဖြင့် ဦးခေါင်းကို  ဓာတ်မှန်ရိုက်ပြီး ရောဂါရှာဖွေကြသည်။ သံလိုက်ဓာတ်မှန် ခေါ် စက်ကြီးဖြင့် ဆရာတော်၏ဦးနှောက် တွင် သွေးခဲပိတ်ဆို့မှုရှိ၊ မရှိ  သို့မဟုတ် သွေးကြောပေါက်ခြင်းရှိ၊ မရှိကို ရှာဖွေကြ သည်။ ထူးဆန်းသည်မှာ  ဆရာတော်ကြီး ၏ဦးနှောက်တွင် သွေးကြောများထောက် ပံ့မှုသည်  ပုံမှန်ဖြစ်ပြီး  သွေးခဲပိတ်ဆို့ခြင်း လည်းမတွေ့။ သွေးကြောပေါက်သည့် စိမ့်ထွက်သည့်လက္ခဏာလည်း တစ်စုံ တစ်ရာမတွေ့ရှိရခြင်း ဖြစ်သည်။

ထို့ကြောင့် ဆရာတော်၏ ညာဘက်ခြမ်း လေဖြန်းခြင်း သို့မဟုတ် အပြည့်အဝ မလှုပ်ရှားနိုင်ခြင်းမှာ  ဦးနှောက်၏ ချို့ယွင်းချက်ကြောင့်မဟုတ်ဟု ဆိုရမည်ဖြစ်သည်။

အနောက်တိုင်းဆေးပညာအရ ဦးခေါင်းတွင်းရှိ ဦးနှောက်၏ ဘယ်ဘက်ခြမ်းသည် ခန္ဓာကိုယ်၏ ညာဘက်ခြမ်းလှုပ်ရှားမှုအတွက် ထိန်းညှိဆောင်ရွက်ပေးသည်။ ထို့အတူ   ဦးနှောက်၏   ညာဘက်ခြမ်း သည်   ခန္ဓာကိုယ်၏  ဘယ်ဘက်ခြမ်းလှုပ်ရှားမှုအတွက် ထိန်းညှိဆောင်ရွက်ပေးသည်။

အကယ်၍ လူတစ်ဦး၏ဘယ်ဘက်ခြမ်း ဦးနှောက်အတွင်း သွေးတိုးဆောင့်တက်၍ သွေးခဲပိတ်ဆို့ခြင်း၊ သွေးကြောပေါက်ခြင်း၊ ဦးနှောက်သွေး  ထောက်ပံ့မှုမရရှိခြင်းဖြစ်ပါက ထိုသူ၏  ညာဘက်ခြမ်း ခန္ဓာကိုယ် ခြေလက်များလှုပ်ရှားမှုကို အပြည့်အ၀ ဆောင်ရွက်နိုင်တော့မည် မဟုတ်ပါ။ ပို၍ ဆိုးသည်မှာ ညာဘက်ခြမ်း လေဖြတ်လျှင် လျှာပါပါသဖြင့် ကောင်းစွာစကားမပြော နိုင်ခြင်း၊ စကားလုံးများမပီသခြင်း၊ တချို့တွင် လုံးဝစကားမပြောနိုင်ခြင်းဖြစ်လေ့ ရှိသည်။ ဘယ်ဘက်ခြမ်း လေဖြတ်သူများမှာ များသော အားဖြင့် ခြေလက်အင်္ဂါများ မလှုပ်ရှားနိုင်သော်လည်း   စကားကောင်းစွာ ပြောဆိုနိုင်သည်ကို တွေ့ရ သည်။ ထို့ကြောင့် ညာဘက်ခြမ်းလေဖြတ်ခြင်းသည် ဘယ်ဘက်ခြမ်းလေဖြတ် ခြင်းထက် ပို၍ဆိုး သည်ဟု ဆိုကြခြင်းဖြစ် သည်။

တချို့မှာ ဦးနှောက်အတွင်း သွေးခဲပိတ်ဆို့ခြင်း၊ သွေးကြောပေါက်ပြီး သွေးထောက် ပံ့မှုမရရှိခြင်း၊ ပေါက်သွားသောသွေးများသည် ခဲပြီးဦးနှောက်ရှိ အရေးကြီးသော နေရာများကို ဖိမိခြင်းတို့ကြောင့် လေဖြတ် ခြင်းသာမက ပြင်းထန်သောလက္ခဏာ များဖြစ်သည့် စကားမေးမရခြင်း၊ မျက်စိမဖွင့်ခြင်း၊ အသက်မသေဆုံးသော်လည်း သတိမရတော့ခြင်းစသော အခြေအနေဆိုးသို့ ရောက်ရှိသူများလည်း ရှိသည်။

တစ်ခါတစ်ရံ အလွန်ပူပြင်းသောအချိန်တွင် ရေဖျန်းခြင်း၊ ရေအေးချိုးခြင်း၊ အေးသောရေကို   တစ်နည်းနည်းဖြင့် ထိတွေ့ခြင်းတို့ကြောင့် အပူလျှပ်ပြီး လေဖြတ်သလို ဖြစ်လေ့ရှိသည်။ သွေးတိုးကြောင့် လေဖြတ် ခြင်းနှင့် ခပ်ဆင်ဆင်တူသော်လည်း အမှန်တကယ် အပြည့်အဝလေဖြတ်ခြင်း မဟုတ်ပေ။

စာရေးသူ၏အတွေ့အကြုံများအရ ပြီးခဲ့သော နှစ်အနည်းငယ်ကလည်း မြင်းခြံ မြို့အနီးရွာတစ်ရွာမှ တောင်ယာစိုက်ပျိုးသူ အသက် ၃၀ အရွယ် လူလတ်ပိုင်းတစ်ဦး သည် ယခုကဲ့သို့ အလွန်ပူပြင်း သောအချိန် အလုပ်နားပြီး မိမိအိမ်သို့ပြန်ရာတွင် လမ်း ၌  အလွန်အေးသော ချောင်းငယ်တစ်ခုကို     ဖြတ်ကူးခဲ့သည်ဟု ဆိုသည်။ ထိုသို့ဖြတ်ကူးသဖြင့် သူ၏ခါးအောက်ပိုင်းရေစိုခဲ့သည်။   အိမ်ရောက်သော အခါ ရေစိုအဝတ်ကိုလဲပြီး ထမင်းစားသည်။ ထမင်းစားရင်း လက်များ လေးလာပြီး ထမင်းလုတ် ပြုတ်ကျသည်ဟု ဆိုသည်။  ထို့နောက် မတ်တတ်ရပ်သော အခါ သူ၏ခြေနှစ်ဖက်မှာ ကောင်းစွာမရပ် နိုင်တော့ဘဲ ခွေလဲကျသည်ဟုဆိုသည်။

ထိုသူမှာ အရွယ်ကောင်း လူလတ်ပိုင်း ဖြစ်သဖြင့် မိမိတို့ဆေးခန်းတွင် တိုင်းရင်း ဆေးဖြင့် ကုသခြင်း၊ အကြောပြင်ပေးခြင်း၊ ဆေးစည်းပေးခြင်းဖြင့် တစ်လခွဲခန့်ကြာ သောအခါ အကောင်းပကတိဖြစ်သွား သည်။ ထိုသူ၏ဖြစ်စဉ်ကို ပြန်စဉ်းစား ကြည့်သောအခါတွင်လည်း အလွန်ပူသော အခါတွင်  အလွန်အေး သောရေဖြင့် ထိတွေ့ခြင်းသည် ခန္ဓာကိုယ်တွင် ရုတ်တရက် အကြောသေခြင်း၊ အကြောဆိုင်းခြင်း၊ အကြောကပ်ခြင်းများ  ဖြစ်နိုင်သည်ကို တွေ့ရှိရသည်။ သတိထားသင့်သည့် အချက်ဖြစ်သည်။

Heat Stroke  ခေါ် အပူလျှပ်၍ လေဖြတ်ခြင်း

အနောက်တိုင်းဆေးပညာအခေါ် Heat Stroke (အပူကြောင့် သတိလစ်ခြင်း၊ လေဖြတ်ခြင်း) တွင် နှစ်မျိုးတွေ့ရသည်။

- ပြင်းထန်သောအပူကြောင့် ရေနှင့် မထိတွေ့ရဘဲ လုံးဝသတိမေ့မြောသွားခြင်း၊ စကားမေးမရခြင်း၊ အဖျားကြီးခြင်း။

- အပူဒဏ်ကြောင့်မခံနိုင်ဘဲ ရေအေး သောက်ခြင်း၊ ရေအေးချိုးခြင်းကြောင့် ရုတ်တရက်သတိလစ်ပြီး     လဲကျခြင်း၊

တချို့မှာ အသက်သေဆုံးသွားခြင်း၊ တချို့မှာ ဦးနှောက်အတွင်း သွေးကြောပေါက် သွားသဖြင့် သတိရသောအခါ၊ ဆေးကုသ မှုခံယူပြီးသောအခါ ကိုယ်တစ်ခြမ်းလေ ဖြတ်ခြင်း၊ ကိုယ်အင်္ဂါချို့ယွင်းခြင်း၊  စကား မပီခြင်း၊ ပုံမှန်လှုပ်ရှားမှုမပြုလုပ်နိုင်ခြင်း။

အထက်ပါနှစ်မျိုးတွင် တချို့မှာ နေပူထဲတွင် ခရီးသွားလာရာမှ လမ်းဘေးတွင် ရုတ်တရက်လဲကျပြီး အသက်ဆုံးရှုံး သွားသူများရှိသည်။ တချို့မှာ ဆေးရုံရောက်သော်လည်း အဖျားကြီးသဖြင့် အပူပြန်မကျ တော့ဘဲ သတိလစ်ရာမှ အသက်သေဆုံးသွားသူများလည်း ရှိသည်။ သက်ကြီးရွယ်အိုများ သေဆုံးမှုများ သည်။ ငယ်ရွယ်သူများမှာ ခံနိုင်ရည်ရှိသော်လည်း အသက်ကြီးသူများ သေဆုံးရသည်များ ရှိသည်။    နောက်ထပ်သေဆုံးသူများမှာ အချိန်အခါမရွေး သောက်စားတတ်သည့် အရက်သမားများဖြစ်သည်ကို    တွေ့ရှိရ သည်။

ဒုတိယအချက်ဖြစ်သည့် အပူဒဏ်ကို ကာကွယ်ရင်း အအေး သို့မဟုတ် ရေအေးနှင့် ရုတ်တရက် ထိတွေ့ပြီးမှ သေဆုံးရ သူများမှာ မသေဆုံးသင့်ဘဲ သေဆုံးရသူ များဖြစ်သည်။

အသက် ၆၀ ကျော်လူကြီးတစ်ဦးသည် အဲကွန်းနှင့် ကားစီးလာပြီးမှ   ပြင်ပသို့ အထွက်တွင် ရုတ်တရက် မူးပြီး လဲကျကာ သတိလစ်သွားသည်။ ဆေးရုံပို့သောအခါ အပူအအေး ရုတ်တရက်ခြားနားချက်ကြောင့် ဦးနှောက်သွေးကြောတစ်ချောင်း ပေါက်သွားသည်ဟု သိရသည်။ အသက်မသေသော်လည်း   နာတာရှည် လေဖြတ် ဝေဒနာကို ခံစားရသည်။

ဟိုတယ်လုပ်ငန်းရှင်တစ်ဦးသည် အားလပ်ရက်တွင် ဂေါက်သီးကစားလေ့ရှိရာ တစ်နေ့တွင် နေအလွန် ပူပြင်းသဖြင့် ကစားပွဲကိုရပ်ပြီး  ဟိုတယ်သို့ပြန်လာရာ အတွင်းသို့မဝင်ရသေး အပေါက်ဝမှာပင်   ဝန်ထမ်း တစ်ဦးပေးသည့် Face Towel  ဖြင့်  မျက်နှာကိုရေဖတ်တိုက်ကာ အလွန် အေးသော ရေသန့်ဘူး တစ်ဘူးကိုဖွင့်ပြီး သောက်လိုက်ရာ မိနစ်အနည်းငယ်အတွင်း လဲကျသွားပြီး ဟိုတယ်အတွင်းသို့ ပွေ့ခေါ် သွားကြရာ ဆေးရုံသို့ပင် မပို့ဆောင်လိုက်ရဘဲ အသက်ဆုံးရှုံးမှုဖြစ်ခဲ့ရသည်။

အပူနှင့်အအေးဝိရောဓိသည် အလွန် ကြောက်စရာကောင်းပြီး အခန့်မသင့်လျှင် လူတစ်ဦး၏ အသက်ကို  ချက်ချင်းနုတ်ယူ နိုင်သည်ကို သတိပြုကြရန်လိုသည်။

ပူပြင်းသောအချိန်တွင် သတိထားရမည့်အချက်များ

- ပူပြင်းသောရာသီတွင် ရေချိုးလျှင် နံနက်စောစောအချိန်တွင်သာ ချိုးပါ။ နေ့လယ်၊ ညနေစောင်း အချိန်များတွင် ရေမချိုးပါနှင့်။

- ရေမချိုးမီ ရေအေးတစ်ဖန်ခွက် သောက်ပြီးမှ ရေချိုးပါ။

- ရေချိုးလျှင် ဦးခေါင်းမှစ၍ မလောင်းပါနှင့်။ ခြေဖျား၊ ဒူး၊ ပေါင်လယ်စသည်ဖြင့် တဖြည်းဖြည်း   အထက်သို့တက်၍ ရေလောင်းပြီးမှ ရေချိုးပါ။

- ရေမချိုးမီ ဆီးသွားထားပါ။ ဆီးအိမ်တွင် ဆီးရှိနေချိန် ရေချိုးလျှင် ဆီး သွားချင်စိတ်ဖြစ်ပေါ်လာပြီး    မသွားဘဲ အောင့်ထားပြန်လျှင်လည်း   ဆီးပူ၊ ဆီးအောင့် ညောင်းကျရောဂါများဖြစ်တတ်သည်။

- ရေချိုးပြီးလျှင် အချိန်ကြာမြင့်စွာ အဝတ်အစားမဝတ်ဘဲ မနေပါနှင့်။ စွပ်ကျယ်၊ ချည်ထည်ကဲ့သို့ လေဝင်လေထွက် ကောင်းသော အဝတ်အစားများကို ဝတ်ဆင်ပါ။

- နေ့လယ်နေပူပြင်းချိန်တွင် အပြင် မထွက်ပါနှင့်။ ထွက်လျှင် ထီး၊ ဦးထုပ်၊ အဆောင်းအကာများပါပါစေ။

- ညနေစောင်းအချိန်များတွင် သစ်ပင်ပန်းမန်များကို ရေလောင်းခြင်း၊ ရေဖျန်း ခြင်းမပြုလုပ်ပါနှင့်။ ထိုသို့ပြုလုပ်၍ မိမိ ခန္ဓာကိုယ်အောက်ပိုင်းရေစိုလျှင် အပူ လျှပ်၍ လေဖြတ်နိုင်သည်ကို သတိပြုပါ။

- ရေခဲရေ၊ အလွန်အေးသောရေများကို မသောက်ပါနှင့်။ ရေနွေးကြမ်းတွင် ဆား အနည်းငယ် ခတ်သောက်ခြင်း သို့မဟုတ် ရေကျက်အေးသောက်ခြင်းသည် ကျန်းမာ ရေးနှင့်ညီညွတ်ကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။

 

ကြည်လွင်မြင့် (မုဒြာ)