မွေးမြူရေး တိရစ္ဆာန်များအတွက် အပူချိန်ပြင်းထန် လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး နည်းလမ်းကောင်းများ

 

မွေးမြူရေး တိရစ္ဆာန်များအတွက် အပူချိန်ပြင်းထန် လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး နည်းလမ်းကောင်းများ

 

ကမ္ဘာ့အပူဆုံးမြို့

    ယခုနှစ် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့အနက် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ  ချောက်မြို့သည် ထိပ်ဆုံး၌ရောက်ရှိနေပြီး  မကွေး၊ မင်းဘူးနှင့် ညောင်ဦးမြို့တို့မှာလည်း အပူဆုံးမြို့များ စာရင်းတွင်ပါဝင်ကြောင်း Eldorado Weather  က ထုတ်ပြန်ထားသည်။

Eldorado Weather  ဆိုသည်မှာ ကမ္ဘာ့မြို့ကြီးများ၏ နေ့အလိုက်အပူချိန်များကို ဖော်ပြပေးလျက်ရှိသည့် ဝက်ဆိုက်တစ်ခုဖြစ်သည်။ အဆိုပါဝက်ဆိုက်၏ ဧပြီလ ၂၈ ရက်ဖော်ပြချက်အရ မြန်မာနိုင်ငံမှ ချောက်မြို့သည် အပူချိန် ၄၇ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ဖြင့် ကမ္ဘာ့အပူဆုံးမြို့အဖြစ် ပထမနေရာ၌ ရပ်တည်နေကြောင်း၊ မင်းဘူးမြို့သည် ၄၅ ဒသမ ၆ ဒီဂရီစင်တီဂရိတ်ဖြင့် စတုတ္ထနေရာတွင် လည်းကောင်း၊ မကွေးမြို့သည် အပူချိန် ၄၅ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ဖြင့် ဆဋ္ဌမနေရာတွင် လည်းကောင်း၊ ညောင်ဦးမြို့သည် ၄၅ ဒီဂရီစင်တီဂရိတ်ဖြင့် အဋ္ဌမနေရာတွင် လည်းကောင်း အသီးသီး အပူချိန်မြင့်တက်လျက်ရှိကြောင်း သိရသည်။

မိုး/ဇလထုတ်ပြန်ချက်

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ)၏  ဧပြီလ ၂၈ ရက်ထုတ်ပြန်ချက်အရ   ထူးခြားသည့်နေ့အပူချိန်များအဖြစ်-

-   ချောက်မြို့တွင် ၄၇ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်၊

-   မင်းဘူးမြို့တွင် ၄၅ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်၊ မကွေးမြို့နှင့်အောင်လံမြို့တို့တွင် ၄၅ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်၊ မြင်းမူမြို့နှင့်ညောင်ဦးမြို့တို့တွင် ၄၅ ဒသမ သုည ဒီဂရီဆဲလ်စီးယပ်၊          တောင်တွင်းကြီးမြို့တွင် ၄၄ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်၊ တံတားဦးမြို့တွင် ၄၄ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံမြို့တွင် ၄၄ ဒသမ၂ ဒီဂရီဆဲလ်စီးယပ်၊ ဆင်ဖြူကျွန်းမြို့တွင် ၄၃ ဒသမ  ၉ ဒီဂရီဆဲလ်စီးယပ် အသီးသီး ရှိကြောင်း သိရသည်။

မွေးမြူရေးတိရစ္ဆာန်များ အတွက်  အပူချိန်ပြင်းထန် လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး နည်းလမ်းကောင်းများ

    နေ့အပူချိန်မြင့်တက်လာခြင်းနှင့် အတူ ခရမ်းလွန် ရောင်ခြည်(Ultraviolet)လည်း ပါလာလေ့ရှိရာ ယင်းက သက်ရှိသတ္တဝါ အားလုံးအတွက် အပူချိန်ပြင်းထန် လွန်ကဲမှုဒဏ်ကို မလွဲမသွေ ဖြစ်ပေါ်ခံစားရနိုင်သည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက လူသားတို့အတွက် အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်များကို နေ့စဉ်မပြတ် သတိပေးလျက်ရှိသကဲ့သို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်အောက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာနကလည်း  ပျားမွေးမြူရေး လုပ်ငန်းများ၊ မွေးမြူရေး တိရစ္ဆာန်များနှင့်  ငါးမွေးမြူရေးကန်များအတွက် အပူချိန်ပြင်းထန် လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး နည်းလမ်းကောင်းများစွာတို့ကို အောက်ပါအတိုင်း အသိပေးနှိုးဆော်ချက်များ ထုတ်ပြန်ထားသည်။

    ပျားအုံများအတွက် အတောင်လိပ်ရောဂါ ကျရောက်မှု ကာကွယ်ရေး အပူချိန်လွန်ကဲမှုကြောင့် မေလမှဇူလိုင်လ အတွင်း မွေးမြူရေး(ဥရောပ) ပျားအုံများတွင် အတောင်လိပ်ရောဂါ ကျရောက်တတ်ပြီး  အဆိုပါအတောင်လိပ်ရောဂါ ကျရောက်မှုကြောင့်  သက်ငယ်ပျားများ (Nurse Bees) ဆုံးရှုံးကာ ပျားအုံဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်နိုင်သည်။

သို့ဖြစ်ပါ၍ ပျားမွေးမြူရေး လုပ်ငန်းရှင်များအနေဖြင့် အတောင်လိပ်ရောဂါ ကျရောက်မှုမှ ကာကွယ်နိုင်ရန် အောက်ဖော်ပြပါ အချက်များကို ဂရုပြုလိုက်နာ ဆောင်ရွက်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

          (က) မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် အပူချိန်မြင့်မားသည့်အတွက် ပျားအုံများကို အရိပ်ကောင်းမွန်သည့် နေရာများတွင် ချထားမွေးမြူရန်၊

          (ခ) ကပ်ပါးမွှားရောဂါကင်းစင်ရေး ဆောင်ရွက်ရန်၊

          (ဂ) ပျားသောက်ရေ လုံလောက်စွာရရှိရေး ဆောင်ရွက်ရန်၊

          (ဃ) ပျားအုံများ လေဝင်လေထွက် ကောင်းမွန်အောင်ဆောင်ရွက်ရန်၊

          (င) ပျားအုံများအတွင်း   သားလောင်းနှင့် သားထိန်းပျားများ အချိုးအစား ညီမျှအောင် ဆောင်ရွက်ရန်၊

          (စ) သကြားနှင့်ရေကို သတ်မှတ်ထားသည့် အချိုးအစားဖြင့်ဖျော်စပ်ပြီး ဆားအနည်းငယ် ထည့်၍ တိုက်ကျွေးရန်၊

          (ဆ) ပျားသလက်ပေါင် အသစ်များဖြင့်  မွေးမြူနိုင်ရေး ဆောင်ရွက်ရန်၊

          (ဇ) ရောဂါကျရောက်ဖြစ်ပွားနေကြောင်း သိရှိပါက နီးစပ်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်  ပျားမွေးမြူမှု ဖွံ့ဖြိုးရေး တာဝန်ခံရုံးနှင့် မြန်မာနိုင်ငံ ပျားလုပ်ငန်း အသင်းထံသို့ ဆက်သွယ်အကြောင်းကြား၍ ပူးပေါင်းဆောင်ရွက်ရန် စသည်တို့ကို အသိပေးနှိုးဆော်ထားသည်။

မွေးမြူရေးတိရစ္ဆာန်များ အပူချိန်ပြင်းထန် လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး မွေးမြူရေးတိရစ္ဆာန်များ  ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာ ဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်ထားသည်။

    (က) တိရစ္ဆာန်များကို အပူချိန်မြင့်သောအချိန်တွင် အရိပ်ရှိသောနေရာများ၌ ထားရှိရန်နှင့် အပူချိန်ပြင်းထန်မှု နည်းပါးသော နံနက်နှင့် ညနေမှသာ လွှတ်ကျောင်းခြင်းပြုရန်၊

    (ခ) မွေးမြူထားသော  တိရစ္ဆာန်များအတွက် သောက်သုံးရေများ လုံလောက်စွာရရှိရေး၊ ကြိုတင်စုဆောင်းရေးနှင့် လေလွင့်ဆုံးရှုံးမှု မရှိအောင် ဆောင်ရွက်ထားရန်၊

    (ဂ) ပူပြင်းသောဒဏ်ကို  ကာကွယ်ရန်အတွက် ရေဓာတ်ပါသော အစားအစာများကို ဖြည့်စွက်ကျွေးမွေးရန်၊

    (ဃ) တိရစ္ဆာန်များ ရွှေ့ပြောင်းရန်  လိုအပ်ပါက သောက်သုံးရေရရှိနိုင်ပြီး အပူဒဏ်မှကာကွယ်နိုင်သော နေရာများ စီစဉ်ထားရှိရန်၊

    (င) တိရစ္ဆာန်အစာများဖြစ်သည့်  ကောက်ရိုး၊ မြက်စို၊ မြက်နုများ  စနစ်တကျကြိုတင်

စုဆောင်းထားရန်၊

    (စ)တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွား ကျရောက်စေခြင်း မရှိစေရန်အတွက် ကာကွယ်ဆေးများ ပုံမှန်ထိုးနှံထားရန်၊

    (ဆ) တိရစ္ဆာန်မွေးမြူ ထားရှိသောခြံနှင့်   အစာသိုလှောင်ထားသော နေရာများတွင် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲနှင့် ရေပုံးများထားရှိရန်၊

    (ဇ  ) တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြား  ပူးပေါင်းဆောင်ရွက်ရန် စသည်တို့ကို အသိပေး နှိုးဆော်ထားသည်။

ငါးမွေးမြူရေးကန်များ  အပူချိန်ပြင်းထန် လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး

    (က နေအပူချိန်မြင့်မား လွန်ကဲမှုကြောင့် ငါးမွေးမြူရေးကန်များရှိ  ကန်ရေများ ရေငွေ့ပြန်ပြီး ရေလျော့နည်း ကျဆင်းလာသဖြင့်  ကန်ထဲရှိ ငါးများ၏ စွန့်ပစ်အညစ်အကြေးကြောင့်သော်လည်းကောင်း၊ မွေးမြူထားသော ငါးများကို အစာကျွေးလွန်ကဲသဖြင့် စားကြွင်းစားကျန်များကြောင့်သော် လည်းကောင်း၊ ရေထုညစ်ညမ်းပြီး ဆက်စပ်၍ ငါးရောဂါ ကျရောက်တတ်သဖြင့် သြဇာဓာတ်ထည့်သွင်းခြင်းနှင့် ငါးအစာ အလွန်အကျွံကျွေးခြင်းကို  လျှော့ချပေးပါရန်၊

   (ခ)  နံနက်ပိုင်း မိုးအုံ့သောရက်၊ နှင်းကျသော ရက်များနှင့် နေထွက်နောက်ကျသော ရက်များတွင် ငါးများခေါင်းထောင်လျက်  ကူးခပ်ခြင်း၊ ကမ်းစပ်သို့စုပြုံလာခြင်းမျိုး ရှိပါက ငါးမွေးမြူရေးကန်သည် အောက်ဆီဂျင် လျော့နည်းမှုဖြစ်ပွားနေသဖြင့် ကန်အတွင်းသို့ ရေသစ်သွင်းခြင်း၊ ရေပန်းချခြင်း၊ ရေဒလက်များမောင်းပေးခြင်း၊ မွေးမြူရေးကန်အတွင်း လှေလှော်ပေးခြင်း စသည့်နည်းလမ်းများအား ရေတွင်ပျော်ဝင် အောက်ဆီဂျင် မြင့်တက်ရေး ဆောင်ရွက်ပေးပါရန်၊

    (ဂ) ငါးမွေးမြူရေးကန်များ နေအပူချိန်လွန်ကဲမှုကြောင့် ရေခန်းလာပါက သန့်ရှင်းသောရေသစ်များ ဖြည့်သွင်းပေးပါရန်၊

    (ဃ)ရေသစ်သွင်းရန် အခက်အခဲရှိပါက မွေးမြူထားသော ငါးများကို အရေအတွက် လျှော့ချမွေးမြူရန်၊

    (င) အပူချိန်ပြင်းပြသည့်  အချိန်များဖြစ်သည့် နေ့လယ်ပိုင်းတွင် ငါးများ ကန်ပြောင်းရွှေ့ခြင်း မပြုရန်၊

    (စ) ကန်ရေအရည်အသွေး သတ်မှတ်ချက်ဖြစ်သည့် ရေကြည်နှုန်း (၂၅-၄၀) စင်တီမီတာအတွင်း ရှိနေစေရန် (မိမိလက်ကို တံတောင်ဆစ်အထိ ရေတွင်နှစ်၍ လက်ဝါးကိုဖြန့်ပါက ခပ်ရေးရေး မြင်ရသော အခြေအနေရှိရပါမည်)

    (ဆ) ကန်ရေအပူချိန်မြင့်မားသော အချိန်များတွင် ရေထုညစ်ညမ်းမှုဖြစ်စေသည့် ကစော်ဖတ်၊ ဝါးစော်ဖတ်များကျွေးခြင်းကို  ရှောင်ကြဉ်၍ ပုံမှန်အစာများကိုသာ ချိန်ဆကျွေးပါရန်၊

    (ဇ) အစာကျွေးပြီးပါက အစာကျန်များ ရှိ/မရှိကို ပုံမှန်စစ်ဆေးပေးပါရန်၊

    (ဈ)မွေးမြူရေးကန်အား လိုအပ်ပါက ရေသစ်လဲလှယ်နိုင်ရေး အတွက် ရေကောင်းရေသန့် သိုလှောင်သည့် အရန်ကန် စီစဉ်ထားရှိပြီး ရေများ ရနိုင်သမျှ သိုလှောင်ထားပါရန်၊

    (ညကန်အခြေအနေနှင့်  ရေအရည်အသွေး ပြောင်းလဲမှု အခြေအနေများကို နေ့စဉ်နံနက် (၆) နာရီ၌ ပုံမှန်စစ်ဆေးပါရန်၊

    (ဋ)ငါးမွေးကန်၌ ပုံမှန်မဟုတ်သော အခြေအနေ ပြောင်းလဲခြင်းမျိုးများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိရပါက အနီးဆုံး ငါးလုပ်ငန်း ဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ပါရန် စသည်တို့ကို အသိပေး နှိုးဆော်ထားသည်။

ထို့ကြောင့် မွေးမြူရေးသမားများ အနေဖြင့် အထက်ဖော်ပြပါ အသိပေးနှိုးဆော်ချက်များ အတိုင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည့်အပြင် မွေးမြူရေးသမား အချင်းချင်းကိုလည်း ထပ်ဆင့်မျှဝေ အသိပေးကြဖို့လိုသည်။

ထို့ပြင် နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး အဆိုပါ   မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့်မိုးလေဝသ ဖြစ်စဉ်များလည်း ဖြစ်ပေါ်နိုင်သည်။

သို့ဖြစ်ပါ၍ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်နေသူများသာမက   ပြည်သူတို့အားလုံး နွေကာလဖြစ်သည့်  ဧပြီလနှင့်မေလတို့အတွင်း ဖြစ်ပေါ်လာနိုင်သည့်  မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးဂရုပြု နေထိုင်ကြဖို့လိုပါကြောင်း နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြစ်ကြသော (က) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာန၊ (ခ)မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ)နှင့် (ဂ) ကျန်းမာရေးဝန်ကြီးဌာနတို့၏ အခါအားလျော်စွာ သတင်းထုတ်ပြန်ချက်များကို သတိထားကာ စဉ်ဆက်မပြတ် စောင့်ကြည့်ကြဖို့ လိုပါကြောင်း သတိပေး နှိုးဆော်လိုက်ရပါသည်။  ။

တင်ထက်ထက်ဇော်