ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း (၁/၂၀၂၄) ဖွင့်လှစ်

 

ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း (၁/၂၀၂၄) ဖွင့်လှစ်

 

နေပြည်တော်  ဧပြီ    ၂၉

    ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး  ဦးရဲတင့်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊    တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့်  သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် ဧပြီလ ၃ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့သည့် စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲတွင်  နိုင်ငံတော် အကြီးအကဲ၏   လမ်းညွှန်မှာကြားချက် ဖြစ်သည့်     စာပေအသိပညာ မရှိခြင်းနှင့် အားနည်းခြင်းတို့ကြောင့်    နေ့စဉ်လူနေမှုဘဝ၌ အခက်အခဲများနှင့် ကြုံတွေ့ရင်ဆိုင်နေရသူများကို စာပေလေ့လာ ဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန်၊ စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက် ယဉ်ကျေးမှုထွန်းကားရေး လုပ်ဆောင်ကြရန် လမ်းညွှန်မှာကြားချက်ကို ယနေ့ သင်တန်း တက်ရောက်လာကြသည့် သင်တန်းသားများက အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်   စာဖတ်ခြင်းကို အလေးထားပါကြောင်း၊   စာဖတ်ခြင်း၏ အကျိုးကျေးဇူးသည်  များပြားသည့်အတွက် စာဖတ်ရှိန်မြှင့်တင်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် လူငယ်၊ ပညာရေးကဏ္ဍနှင့် စာကြည့်တိုက်သည်  အရေးကြီးသည့် ကဏ္ဍကြီးများ ဖြစ်ပါကြောင်း။

ဝန်ကြီးဌာန၏  ရည်မှန်းချက်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ပေါက်မြောက်အောင်မြင်စေရေး အတွက် ဝန်ထမ်းများ စည်းလုံးညီညွတ်စွာ    ကြိုးပမ်းဆောင်ရွက်မှုသည်   အရေးကြီးသကဲ့သို့ ဝန်ထမ်းများ၏  တစ်ဦးချင်း စွမ်းဆောင်ရည်များ   တိုးတက်လာစေရေး သည်လည်း အရေးကြီးသည့်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် သင်တန်းနှစ်စဉ်ဖွင့်လှစ်၍ ဝန်ထမ်းများအား လေ့ကျင့်ပေးမှု အားကောင်းသည့်   ဌာနအဖြစ်လည်း အသိအမှတ်ပြုပါကြောင်း၊ ဌာန၏ လုပ်ငန်းများကို  အမှန်တကယ် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန် ဦးတည်၍ လုပ်ငန်းစွမ်းဆောင်ရည်   မြှင့်တင်ရေးသင်တန်း (၁/၂၀၂၄)ကို  ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း။

လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များသည် ဌာန၏ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လက်တွေ့ အသုံးပြုရမည့် ဘာသာရပ်များကို ထည့်သွင်းရေးဆွဲ ပို့ချပေးခြင်းဖြစ်ကြောင်း၊ သင်တန်း တွင် သင်ကြားခဲ့ရသည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းတွင် အသုံးချနိုင်သည် အထိ သင်ယူပြီး မိမိတို့နှင့်အတူ လက်တွဲ ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများကို လည်း ပြန်လည်မျှဝေပေးရမည်ဖြစ်ကြောင်း၊ သင်ကြားပေးသည့် ဘာသာရပ်များသာမက ပိုမိုသစ်လွင် ကောင်းမွန်သည့်    တီထွင်ဆန်းသစ်မှုများကိုလည်း အမြဲလေ့လာ သင်ယူ၍ ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့ ရည်မှန်းချက်တာဝန်များ ပေါက်မြောက်အောင်မြင်စေရေး အတွက် ကြိုးစားဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

  အဆိုပါသင်တန်းသို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ခရိုင်နှင့် မြို့နယ်ရုံးများမှ  ဦးစီးအရာရှိ  ၃၀ ဦး တက်ရောက်ကြပြီး သင်တန်းကို  မေလ ၁၁ ရက်အထိ   ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။