တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်သွားရောက်ခဲ့သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်သွားရောက်ခဲ့သည့်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

 

နေပြည်တော်  ဧပြီ  ၂၉

      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဝမ်ရှောင်ဟုန် (H.E. Mr. Wang Xiao Hong)) ၏ ဖိတ်ကြားချက်အရ ဧပြီလ ၂၄ ရက်မှ ၂၉ ရက်အထိ မြန်မာ-တရုတ် နှစ်နိုင်ငံတရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေး ဆောင်ရွက်နိုင်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့   အလုပ်သဘော ခရီးစဉ်သွားရောက်ခဲ့ပြီး ယနေ့တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Mr. Chen Hai ၊ ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌   ကြိုဆိုနှုတ်ဆက်ကြသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၂၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် Beijing Capital အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တိဗက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လာဆာ (Lhasa) မြို့သို့ထွက်ခွာခဲ့ရာ   Lhasa Gongga လေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၄ နာရီ မိနစ် ၅၀ တွင် ရောက်ရှိခဲ့ပြီး တိဗက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ  ဒုတိယ ရဲတပ်ဖွဲ့မှူး မစ္စတာ ကျူးရှိုခဲ (Mr. Zhu Shouke) ဦးဆောင်သော အဖွဲ့က ကြိုဆိုခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်   တိဗက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရဲတပ်ဖွဲ့မှူး မစ္စတာ  ကျန်းဟုန်ပေါ   (Mr. Zhang Hongbo) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီး   နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ဝန်ကြီးဌာနနှစ်ခုအကြား  ဝန်ကြီးအဆင့် သဘောတူညီချက်များအပေါ် ဆက်လက်အကောင်အထည် ဖော်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကာ မြန်မာကိုယ်စားလှယ် အဖွဲ့သည် တိဗက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရဲတပ်ဖွဲ့မှူး Mr. Zhang Hongbo တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

ဧပြီလ ၂၇ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ  တိဗက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ UNESCO စာရင်းဝင် အထင်ကရနေရာ တစ်ခုဖြစ်သည့် Potala Palace  နှင့် တာ့ကျောင်းဘုန်းတော် ကြီးကျောင်းသို့ သွားရောက်လေ့လာ ခဲ့ကြသည်။ ထို့နောက် တိဗက်ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ ရဲကောလိပ်သို့ သွားရောက်ပြီး သင်တန်းသားများ၏ လက်တွေ့လေ့ကျင့်မှု အစီအစဉ်များကို လည်းကောင်း၊ ကျားရှီး (ဇ့ထေင)ရဲစခန်းသို့ သွားရောက်ပြီး အမျိုးသား မှတ်ပုံတင်ကတ်ပြုလုပ်ခြင်းနှင့် ရဲလုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း၊ တိဗက်ပြည်နယ် အကြမ်းဖက်မှု နှိမ်နင်းရေးဌာနသို့ သွားရောက်ပြီး မိုင်းရှင်းလင်းရေး လေ့ကျင့်ခန်းများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး စီးနင်းဝင်ရောက်နှိမ်နင်းမှု လေ့ကျင့်ခန်းများနှင့် လက်ဖြောင့်တပ်သားများ၏   လေ့ကျင့်ပစ်ခတ်မှုများကို လည်းကောင်း လေ့လာခဲ့ကြသည်။

ဧပြီလ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တိဗက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လာဆာ (Lhasa) မြို့မှ စီချွမ်းပြည်နယ် ချန်ဒူးမြို့သို့ ထွက်ခွာခဲ့ရာ   ချန်ဒူးမြို့သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင် ရောက်ရှိခဲ့ပြီး   ထိုမှတစ်ဆင့် ကွမ်တုံးပြည်နယ် ကွမ်ကျိုးမြို့သို့ ဆက်လက် ထွက်ခဲ့ရာ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲ တွင် ရောက်ရှိခဲ့ကာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ကို ကွမ်တုံးပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး မစ္စတာ ဟွမ်ကော်ဟွေး (Mr. Huang Guohui) ဦးဆောင်သော အဖွဲ့က ကြိုဆိုခဲ့ကြသည်။

ယင်းနောက် ဒေသစံတော်ချိန် ညနေ ၆ နာရီ မိနစ် ၄၀ တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကွမ်တုံးပြည်နယ်  ရဲတပ်ဖွဲ့မှူး မစ္စတာ လျိုကော်ကျိုး  (Mr. Liu Guozhou) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီး   အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ ပပျောက်ရေး၊ နိုင်ငံဖြတ်ကျော် မှုခင်းများကို ပူးပေါင်းတိုက်ဖျက်ရေး၊ နယ်စပ်နေပြည်သူများ ဘေးကင်းလုံခြုံရေး၊ နှစ်နိုင်ငံဝန်ကြီးဌာန နှစ်ခုအကြား ဝန်ကြီးအဆင့် သဘောတူညီချက်များအပေါ်  ဆက်လက် အကောင်အထည်ဖော်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်ဆက်ဆံ နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကာ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကျူးမြစ်အတွင်း လှည့်လည်လေ့လာ ခဲ့ကြသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့၏ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် အလုပ်သဘော ခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံ ဝန်ကြီးဌာနနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုများအပေါ် အပြုသဘောဆောင်သည့် ရလဒ်များကို ရရှိခဲ့ကြောင်း သိရသည်။