မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားမှ ခရီးသွားပြည်သူများ အေးချမ်းစွာသွားလာလျက်ရှိ

မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားမှ ခရီးသွားပြည်သူများ အေးချမ်းစွာသွားလာလျက်ရှိ

မြဝတီ ဧပြီ ၂၉

ကရင်ပြည်နယ် မြဝတီမြို့၌ နယ်မြေဒေသ လုံခြုံရေးအခြေအနေအရ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေး တံတားအား ယာယီသွားလာခွင့်ကို ဧပြီလ ၂၁ ရက်မှစ၍ ခေတ္တပိတ်ထားခဲ့သည်။ ထိုဖြစ်စဉ်များကြောင့် ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်နှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ MoU ဖြင့် တရားဝင်သွားရောက် လုပ်ကိုင်နေသော လုပ်သားများ၊ U-turn ဖြင့် ဆောင်ရွက်ပေးနေရသော လုပ်ငန်းများ ယာယီရပ်ဆိုင်းထားခဲ့ပြီး ဧပြီလ ၂၇ ရက် နံနက်  ၁၀ နာရီတွင်  ပြန်လည်ဖွင့်လှစ်ပေးခဲ့၍  ယာဉ်များ၊ ခရီးသွားပြည်သူများအား ပုံမှန်သွားလာခွင့်များရရှိအောင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း  သိရသည်။

အလားတူ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားတွင်လည်း ပို့ကုန်၊ သွင်းကုန်များအား ပုံမှန်ပြန်လည် ဆောင်ရွက်ပေးနိုင်ရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ပြန်လည်လက်ခံ ဆောင်ရွက်ပေးသွားနိုင်ရေးတို့ကို အလုပ်သမား ဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများအား ပုံမှန်ဆောင်ရွက်သွားနိုင် ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်သွားမည် ဖြစ် ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားမှ ခရီးသည်ပို့ဆောင်ရေးယာဉ်ငယ်များနှင့် တစ်ဖက်နိုင်ငံ တွင် သွားရောက်လုပ်ကိုင်နေသည့် လုပ်သားများ အဆင်ပြေချောမွေ့စွာ ပြန်လည်သွားလာနိုင်ရေး အတွက်ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး နေ့စဉ်တံတားဖွင့်ချိန် နံနက် ၆နာရီမှ ည  ၆  နာရီအထိ ဖွင့်လှစ်ပေးထား၍ နေ့စဉ်အားဖြင့် လူဦးရေ ၃၀၀၀ ခန့်အဝင်အထွက် ပြုလုပ်ပေးလျက် ရှိကြောင်းနှင့်လာမည့် မေလ ၁ ရက်မှစတင်၍ နယ်စပ်အမှတ်(၁)ချစ်ကြည်ရေး တံတားအဝင်အထွက် ဂိတ်များမှ TBP/BP လက်မှတ်များကို ထုတ်ယူရာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားအပြင် UID ကိုင်ဆောင် ထားသူများသာ လက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း ပြည်သူများထံသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနက   အသိပေးကြေညာချက် ထုတ်ပြန်ပေးထားကြောင်း တာဝန်ရှိသူထံမှ  သိရသည်။

ခရိုင်(ပြန်/ဆက်)